မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်တွင် အမည်မသိသူနှစ်ဦးက ဗြောက်အိုးဖောက်၍ ထွက်ပြေးသွားခဲ့ပြီးနောက် ရဲများရောက်ရှိလာပြီး ခရိုင်ရဲမှူးက မဆိုင်သူတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ဇန်နဝါရီလ (၂၀) ရက်နေ့ ညပိုင်းတွင် မြို့မတောင်ရပ်ကွက်၊ မြို့မရဲစခန်း၏ အရှေ့ဘက်၊ မင်းဘာကြီးလမ်း၏ အနောက်ဘက်၊ ဒေါက်တာထွန်း၏ မြောက်ဘက်ရှိ လမ်းသို့ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦး ရောက်ရှိလာပြီး ဗြောက်အိုးများ ပစ်ချ၍ ထွက်ပြေးသွားခဲ့သည်။
ဗြောက်အိုးပေါက်သံများ အသံအလွန်ကျယ်ခဲ့သောကြောင့် ခရိုင်ရဲမှူး ဒုရဲမှူးကြီးအောင်မြင့်ဌေး၊ မြို့နယ်မှူး ရဲမှူးတင်ကိုကိုနှင့် စခန်းမှူးရဲနိုင်ထွန်းတို့ ရောက်ရှိလာပြီး အနီးအနားမှ ရိုဟင်ဂျာများကို အကျိုးအကြောင်း မေးမြန်းခဲ့သည်။ ယင်းနေရာ အနီးတွင် နေထိုင်သည့် ဦးအာမိရ်ဟူဆောင်း (အသက် ၃၀ နှစ်) က ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်နှင့် လူနှစ်ဦးလာရောက်ပြီး ဗြောက်အိုးများ ပစ်ချကာ ထွက်ပြေးသွားကြောင်း ရှင်းပြသော်လည်း ရဲအရာရှိများ လက်မခံဘဲ ဒုရဲမှူးကြီးအောင်မြင့်ဌေးက ဦးအာမိရ်ဟူဆောင်းကို လူအများရှေ့မှောက်တွင် လူမဆန်စွာ ပါးရိုက်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
"ဒီအောင်မြင့်ဌေးဆိုတဲ့ ခရိုင်မှူးက အရမ်းကို ရက်စက်တဲ့ အရာရှိဗျ။ ရိုဟင်ဂျာတွေကို ကုလားဆိုပြီး အမြဲနှိမ့်ချခေါ်လေ့ရှိတယ်။ အခုလည်း ဘယ်သူတွေလုပ်လဲဆိုတာ စုံစမ်းဖို့ထက် ကျွန်တော်တို့ကို ဖိနှိပ်လိုတဲ့စိတ်က ပိုများနေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗြောက်အိုးပေါက်သည့်နေရာမှ ရိုဟင်ဂျာများကို ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့မရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။ ၎င်းတို့ကို လမ်းထိပ်တွင် တံခါးတစ်ခုထားရှိရန်၊ တံခါးအတွက် ကုန်ကျစရိတ်ကို စုပေါင်းပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ မြို့မကညင်တန်းကျေးရွာအုပ်စု၊ ဆီးသီးလ္လာရွာတွင်လည်း တစ်ချိန်တည်း ဗြောက်အိုးပေါက်ကွဲသံ ကြားခဲ့ရသောကြောင့် ရိုဟင်ဂျာများ စိုးရိမ်ထိပ်လန့်ခဲ့ရသည်။
"ရခိုင်နဲ့ ရိုဟင်ဂျာကြားမှာ အပြန်အလှန် နားလည်မှု၊ သင့်မြတ်မှုတွေ တော်တော်လေး ရနေချိန်မှာ တည်ငြိမ်မှုတွေ ပျက်ပြားအောင် အုပ်စုတစ်စုက ရည်ရွယ်ရှိရှိနဲ့ လုပ်နေတာ" ဟု မြို့ခံတစ်ဦးကပြောသည်။