မြန်မာ့စစ်အာဏာသိမ်းအုပ်စု၏ လူမဆန် ရက်စက်မှုကို ရပ်ရန် ကမ္ဘာမှ ယခု လှုပ်ရှားရမည်
ထွန်းခင် Rohingya Today
ထိုင်းနိုင်ငံတွင် ဆန္ဒပြနေသည့် မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - စိုးဇေယျာထွန်း၊ ရိုက်တာ)

စစ်တပ်၏ အာဏာလုယူမှုသည် ဒီမိုကရေစီကိုသာ ဖျက်စီးခြင်းမဟုတ်၊ ရိုဟင်ဂျာများအပေါ် နောက်တစ်ကြိမ် အပြင်းအထန် တိုက်ခိုက်မှုလည်း ဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံမှ လမ်းများပေါ်တွင် နောက်ထပ်တစ်ကြိမ် သွေးချင်းချင်းနီခဲ့ရပြန်ပြီ ဖြစ်သည်။ တစ်လကျော်က အာဏာသိမ်းခဲ့သော စစ်အာဏာရှင်အုပ်စုသည် မတ်လ ၃ ရက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ခွင့်ပြုသယောင် ဟန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ လူမဆန်သော ဖြိုခွင်းမှုတစ်ခုအတွင်း နိုင်ငံတဝန်းတွင် အနည်းဆုံး ၃၈ဦး အသက်ဆုံးရှူံးခဲ့ရသော်လည်း အမှန် သေဆုံးသူစာရင်းသည် ထို့ထက် မြင့်မားနိုင်သည်။ 

တုန်လှုပ်ဖွယ် မြင်ကွင်းများသည် မြန်မာနိုင်ငံအတွင်း ၁၉၈၈နှင့် ၂၀၀၇ နှစ်များက ဆန္ဒပြမှုများကို စစ်တပ်မှ ဦးဆောင် နှိမ်နင်းခဲ့ခြင်း၊ ထိုမျှမက ရိုဟင်ဂျာ ကဲ့သို့သော တိုင်းရင်းသား အုပ်စုများအပေါ် စစ်တပ် ဦးဆောင်သည့် အကြမ်းဖက်မှုများ၏ ကြေကွဲဖွယ် အမှတ်တရများကို ပြန်ပြောင်း အောက်မေ့စေသည်။ သေကြေအထိအခိုက်များသော မြင်ကွင်းများသည် ဆန္ဒပြသူများအား ထောက်ခံ ပံ့ပိုးရန်နှင့် စစ်မှန်ပြီး ပါဝင်မှု ရှိသော ဒီမိုကရေစီစနစ်တစ်ခုသို့ သေသေချာချာ ပြန်သွားနိုင်ရေးအတွက် ယခုပင် လှုပ်ရှားရန် ကမ္ဘာအတွက် သတိပြုမိအောင် လှုံံ့ဆော်မှုတစ်ရပ် ဖြစ်သင့်သည်။ အကယ်၍ မြန်မာစစ်တပ်၏ အကြောက်တရားဖြင့် အုပ်ချုပ်မှုသည် ပုံမှန်ဖြစ်သွားလျှင် အကြမ်းဖက်မှုသည် ပို၍ အရှိန်အဟုန် ပြင်းထန်လာမည်မှာ ဖြစ်နိုင်စရာ အကြောင်းများ၏။ 

စစ်အာဏာသိမ်းအုပ်စုသစ်သည် ဖေဖေါ်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းလိုက်သည်မှစ၍ ရာပေါင်းများစွာသော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကို ဖျက်သိမ်းပြီး ဖိနှိပ်ချုပ်ချယ်သော ဥပဒေသစ်များကို ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်သူလူထုသည် Civil Disobedience Movement (CDM) ဆိုသော အလုပ်မဆင်း၊ စစ်အာဏာရှင်ကို ဖီဆန်သော လှုပ်ရှားမှုတစ်ရပ်ကို စီစဉ်လုပ်ဆောင်ခြင်းအားဖြင့် တုန့်ပြန်ခဲ့ကြသည်။ အစိုးရဝန်ထမ်းများမှသည် ဆရာဝန်များနှင့် ရထားစက်မောင်းများအထိ လူတိုင်းမျ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်၍ အလုပ်လုပ်ရန် ငြင်းဆိုခဲ့ကြသဖြင့် တစ်နိုင်ငံလုံးနီးပါး လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။ 

ကျွန်တော်တို့ ရိုဟင်ဂျာများအတွက် မတ်လ ၃ရက်နေ့မှ အကြမ်းဖက်မှုများသည် ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်တွင်  လွှတ်ပေးလိုက်သည့် ရက်စက်ပြီး လူမျိုးတုံး သတ်ဖြတ်မှု ဆန်သော စစ်တပ်၏ စစ်ရေးကမ်ပိန်း လှုပ်ရှားမှုများကို ပဲ့တင်ဟပ်နေသည်။ စစ်တပ်နှင့် အပေါင်းပါများသည် ထောင်ပေါင်းများစွာကို သတ်ပြီး ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးအောင် မောင်းထုတ်ခဲ့သည်။ တပ်မတော်ဟု ခေါ်ကြသော မြန်မာစစ်တပ်သည် အြခား တိုင်းရင်းသား လူနည်းစုများအပေါ်လည်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ 

ရခိုင်ပြည်နယ်ရှိ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများကို စကားပြောကြည့်သောအခါ သူတို့မှာ ကတော့ အာဏာသိမ်း အကြမ်းဖက်မှု အရှိန်အဟုန် မြင့်မားလာမည်၊ သူတို့ဆီပါ ရောက်လာမည်ကို အလွန် ကြောက်လန့်နေကြသည်။ အကယ်၍ စစ်တပ်သည် ပြည်တွင်းဖိအား မြင့်မားလာသည်ဟု ယူဆလျှင် ရိုဟင်ဂျာဖြစ်စေ၊ အခြားလူနည်းစုများအပေါ် ဖြစ်စေ၊ အသစ်တဖန် စစ်ဆင်ရေးများအတွက် “မျိုးချစ်” ထောက်ခံမှုရအောင် ထပ်သွေးထိုးရန် ကြိုးစားမည့် အန္တရာယ် ရှိသည်။ 

သို့ရာတွင် လွန်ခဲ့သော လအတွင်း စစ်တပ်ကို မုန်းတီးသည့်စိတ်တွင် ညီညွတ်ကြသဖြင့် တိုင်းရင်းသား လူမျိုးစုများအကြားဆက်ဆံရေး  ပျော့ပြောင်းလာပြီး မျှော်လင့်ချက် ရောင်ခြည်များ ရေးရေးမျှ သန်းလာသည်။ 

ဤလူမျိုးစုများကြား သွေးစည်းညီညွတ်မှုသည် အကယ်၍ စစ်တပ် ဝင်ရောက်စွက်ဖက်မှု မရှိပါက မြန်မာနိုင်ငံ မည်သို့ပုံသဏ္ဍာန် ရှိနိုင်ကြောင်း ပြသလိုက်သည်။ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအတွင်း ရိုဟင်ဂျာများ အပါအဝင် မြောက်များစွာသော ပြည်သူလူထုသည် မဲပေးခွင့် မရခဲ့ကြောင်းလည်း မေ့ထား၍ မရပေ။ သို့ရာတွင် ဤဖြစ်စဉ်ကို ပြောင်းပြန်လှန်ပစ်ရန်၊ အလွှာပေါင်းစုံ၊ အဆင့်ပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးနောက်ခံပေါင်းစုံမှ ပြည်သူလူထုကြီး တန်းတူညီမျှသော အခွင့်အရေးများ ရရှိခံစားသော လူ့ဘောင် အဖွဲ့အစည်းတရပ် တည်ဆောက်ရန် ပထမဦးစွာ စစ်အာဏာသိမ်းမှုကို အနိုင်တိုက်ရမည်။ ထိုသို့အနိုင်ရရန် ကမ္ဘာတစ်ဝန်းလုံး၏ ပံ့ပိုးမှုကို အရေးတကြီး လိုအပ်သည်။ 

ယခုနှစ် အာဏာသိမ်းမှုနှင့် လွန်ခဲ့သောတစ်လကျော်အတွင်း အကြမ်းဖက်မှုတို့သည် ၂၀၁၇တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် စစ်ဆင်ရေးသာမက ယခင်က စစ်တပ်အား ပြင်းပြင်းထန်ထန် အရေးယူတုန့်ပြန်ရန် ကမ္ဘာမှ ပျက်ကွက်ခဲ့မှု၏ တိုက်ရိုက် အကျိုးဆက် ရလဒ်ဖြစ်သည်။ မင်းအောင်လှိုင် အပါအဝင် ထိုစဉ်က တာဝန်ရှိသည်ဟု ဖော်ထုတ်ခဲ့သော တပ်မှူးများစွာသည် ယခုအခါ နိုင်ငံကို တိုက်ရိုက် ထိန်းချုပ်နေကြသည်။ တပ်မတော်၏ DNA ဗီဇလက္ခဏာမှာ လူမဆန် ရက်စက်ကြမ်းကြုတ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ ရှိနေသည်ဟုဆိုလျှင် လွန်မည် မထင်ပါ။

နိုင်ငံတကာ အသိုင်းအဝန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၊ အားကောင်းသော ရပ်တည်မှုတစ်ရပ် ထားရှိရန်၊ ဒီမိုကရေစီစနစ်သို့ ချက်ချင်း ပြန်သွားရေး တွန်းအားပေးရန် အရေးကြီးသည်။ နိုင်ငံအများသည် စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့် ဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများကို ကမ္ဘာ့အဆင့် လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်နှင့်အတူ ပစ်မှတ်ထားသော စီးပွားရေး ပိတ်ဆို့၊ ဒဏ်ခတ် အရေးယူမှုများ ချမှတ်ရမည်။ 

ထို့အတူ ယခင်ကျူးလွန်ခဲ့သော ချိုးဖောက်မှုများအတွက် စစ်တပ်ကို တာဝန်ခံစေရန် ကြိုးစားအားထုတ်မှုများကို ဦးစားပေး ဆောင်ရွက်ရန် အရေးကြီးပါသည်။ နိုင်ငံများသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)နှင့် နိုင်ငံတကာ တရားရုံး (အိုင်စီဂျေ၊)တို့တွင် လက်ရှိ ဖြစ်ပေါ်နေသော စုံစမ်းစစ်ဆေးမှုများကို ပံ့ပိုးမှုများ ထပ်ဖြည့်ပေးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် ပြည်သူများ၏ ဘဝများဖြင့် နိုင်ငံရေးကစားနေခြင်းကို ရပ်တန့်၍ အိုင်စီစီသို့ အပြည့်အဝ လွှဲပြောင်းခြင်းကို ထောက်ခံရန် လိုအပ်သည်။ တရားမျှတမှုသာလျှင် ဤအကြမ်းဖက်မှု သံသရာကို ချိုးဖျက်နိုင်မည်။ 

ဒေသတွင်း အစိုးရများသည်လည်း တာဝန်သိသော ဆောင်ရွက်ချက် လုပ်ဆောင်ရမည်။ အရှ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အတွက် ဤအာဏာသိမ်းမှုသည် ဒေသတွင်း၌ အာဆီယံ၏ အပြုသဘောဆောင်သည့် ဒီမိုကရေစီနည်းကျ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်စွမ်းရည် သဘောထားမှတ်ကျောက် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုအချိန်အထိ သံခင်းတမန်ခင်း ကြိုးစားအားထုတ်မှုများတွင် တပ်မတော်မှ တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟူသော ကတိကဝတ်ကို တည်စေရန် အလေးထား၍ ဦးဆောင်နေကြောင်း ပြောကြသည်။ ဒေသတွင်း ထိတွေ့ဆွေးနွေးမှုကို ကြိုဆိုသော်လည်း ဤသို့လုပ်ခြင်းသည် စစ်အာဏာသိမ်းမှုတစ်ခုကို အခြေခံအားဖြင့် တရားဝင် အာဏာခိုင်မြဲစေမည့် အားနည်းချက်ပါသည့် အစီအစဉ်တရပ် ဖြစ်သည်။ 

ထိုသို့ လုပ်မည့်အစား အာဆီယံသည် တပ်မတော်အား စစ်တန်းလျားသို့ တွန်းပို့ပြီး ယမန်နှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံခဲ့ရသော အစိုးရ ပြန်တက်ခြင်းကို ကူညီပေးရမည်။ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့စင်မြင့်ပေါ်တွင် မြန်မာနိုင်ငံကို စိစစ်ခြင်းမှ ကာကွယ်ပေးသည်ကို ရပ်ဆိုင်းပြီး ကုလလုံခြုံရေးကောင်စီတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆောင်ရွက်ချက်ကို ဗီတိုအာဏာသုံး ပယ်ချရန် ခြိမ်းခြောက်သည်ကို ရပ်ရမည်။ 

အရေးအကြီးဆုံးမှာ ကမ္ဘာသည် မြန်မာနိုင်ငံအနှံ့ ဒီမိုကရေစီအတွက် အသက်နှင့် လွတ်လပ်မှုကို စွန့်လွှတ် စွန့်စားနေသူများအား အြကွင်းမဲ့ ထောက်ခံမှု ပြသရမည်။ အလုပ်မဆင်း စစ်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM နှင့် ဆန္ဒထုတ်ဖော်သူများအား တရားဝင် လုပ်ဆောင်နေသူများအြဖစ် အသိအမှတ် ပြုရန်နှင့် နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပေးမည်ဟု ကမ်းလှမ်းရန် လိုအပ်သည်။ နောက်ဆုံးတွင် နိုင်ငံအတွင်းမှ စစ်တပ်အပေါ် ကျရောက်သည် ဖိအားသည် အပြင်မှ လုပ်သော မည်သည့်အရာထက်မဆို အမြဲ ပိုထိရောက်လိမ့်မည်။

ရိုဟင်ဂျာလူမျိုးများအနေဖြင့် ကျွန်တော်တို့သည် ကြေကွဲဖွယ် အတွေ့အကြုံအရ တပ်မတော်၏ အမျက်ဒေါသမီးဒဏ် ခံရခြင်း မည်မျှဆိုးဝါးကြောင်း သိရှိနားလည်သည်။ အာဏာကို အရာရာထက် မက်သော စစ်တပ်ကို ရင်ဆိုင်စဉ် မတ်လ၃ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြည်သူလူထု ၃၈ ဦီးထက်မက အသက်စတေးခဲ့ကြရသည်။ ယခုအခါ ကမ္ဘာတဝန်း စည်းလုံးကြ၊ လှုပ်ရှားကြမှသာ ဤစွန့်လွှတ်အနစ်နာခံမှုများသည် အချည်းနှီး ဖြစ်တော့မည် မဟုတ်ချေ။ 

Al Jazeera တွင်ရေးသားသည့် The world must act now to stop the brutality of Myanmar’s junta ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ