မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများ၌ မြန်မာစစ်တပ်က ရိုဟင်ဂျာကျေးရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးလောင်ဖျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ်အချို့ကို အစိုးရက ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်ပေးလျက်ရှိပြီး၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ မီးလောင်ဆုံးရှုံးခံရသည့် မိသားစုများကို တစ်စုလျှင် ပေ ၄၀ x ပေ ၃၀ မြေကွက်တစ်ကွက် ပေးအပ်နေကြောင်း သိရသည်။
နေအိမ်များကို ကွန်ကရစ်ခင်း၊ ဝါးထရံ (နံရံ)၊ သွပ်မိုးဖြင့် စီစဉ်ပေးမည်ဟု သိရပြီး၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားခြင်း မရှိဘဲ ကျန်ရစ်ခဲ့သည့် မိသားစုများအတွက်သာ ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။
မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် အိမ်ခြေ ၃၀၀ နီးပါးခန့် ဆောက်လုပ်နေသည်ဟု အကြမ်းဖျဉ်းသိရသည်။ ယင်းရပ်ကွက်တွင် အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ မြို့မကညင်တန်းကျေးရွာအုပ်စု ဒေလ်ဖာရာရွာ၊ အမှတ် (၃) ရပ်ကွက် ရှီးဒါရွာ (ခ) မင်္ဂလာဖာရာတို့မှ မီးလောင်ဆုံးရှုံးသွားသူများကို နေရာချထားပေးမည် ဖြစ်သည်။
မီးလောင်ဆုံးရှုံးခံရသူများကို မူလနေရာ၊ မူလပိုင်ဆိုင်ခဲ့သည့် ခြံမြေများကို မပေးဘဲ ဒေသခံအာဏာပိုင်များ၏ အစီအမံဖြင့် အစိုးရက သတ်မှတ်ထားသော နေရာများတွင် ပေးအပ်နေခြင်း ဖြစ်သည်။
မီးလောင်ဆုံးရှုံးခံခဲ့ရသည့် ရိုဟင်ဂျာများ၊ နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက မူလနေရာတွင် ပြန်လည် နေရာချထားပေးရန် အစဉ်တစ်စိုက် တောင်းဆိုနေသော်လည်း အစိုးရက လိုက်လျောပေးခြင်း မရှိသည်ကို တွေ့ရသည်။
မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဌ်ကျွန်းကျေးရွာ၊ ကျားခေါင်းတောင်ကျေးရွာ၊ သဲချောင်းကျေးရွာ၊ ကျွန်းပေါက်ပြုစုကျေးရွာနှင့် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာများတွင်လည်း နေအိမ်များ ဆောက်လုပ်ပေးမည်ဟု သိရှိရပြီး၊ ယင်းနေရာများတွင် ပေ ၄၀ x ပေ ၆၀ မြေကွက်ပေါ်တွင် နေအိမ်များ ဆောက်လုပ်ပေးမည်ဟု သိရသည်။
သီဟိုဌ်ကျွန်းကျေးရွာအုပ်စု ဟိုးလ်လားဘားဖာရာတွင် ရိုဟင်ဂျာအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ၎င်းတို့၏ မူလခြံမြေများတွင် တဲများထိုး၍ နေထိုင်လျက်ရှိရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ယင်းတဲများကို ဖြိုဖျက်၍ အစိုးရက သတ်မှတ်ပေးသည့် နေရာတွင် နေထိုင်ရန် ဖိအားပေးနေသော်လည်း မိမိတို့၏ မူလနေရာမှ မဖယ်ရှားနိုင်ဟုဆိုကာ ဆက်လက်နေထိုင်လျက်ရှိသည်။
"ကျွန်တော်တို့ရဲ့ မူလခြံမြေကိုပဲ လိုချင်တယ်။ ကျွန်တော်တို့ကို လယ်ကွင်းပြင်မှာ ဘာအပင်မှ မရှိဘဲ ရေဝပ်တဲ့နေရာမျိုးမှာ ပေးမယ်ဆိုတာက ကျွန်တော်တို့ကို အခုမှ ပြောင်းရွှေ့လာသူတွေလို ဆက်ဆံနေတာလား၊ ကျွန်တော်တို့က ဒီမှာမွေးပြီး ဒီမှာ ကြီးပြင်းတယ်။ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်တဲ့နေရာမှာ နေလာခဲ့တာ။ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မူလခြံမြေတွေကိုသာ ပြန်ပေးပါ။ အဲဒါတွေ ပြန်ပေးရင် ကျေနပ်ပါပြီ" ဟု နေအိမ်မီးလောင် ဆုံးရှုံးခံရသူတစ်ဦးက ပြောသည်။