မင်းပြား၊ နာဂရပေါက်တောတွင် လက်နက်ကြီး ထိမှန်ပြီး ရိုဟင်ဂျာ ၃ ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နာဂရကျေးရွာအုပ်စု၊ နာဂရပေါက်တောကျေးရွာ အရှေ့ဘက် တောတောင်ထဲတွင် ရိုဟင်ဂျာများ ထင်းခုတ်နေစဉ် လက်နက်ကြီး ကျည်ဆံထိမှန်၍ ရိုဟင်ဂျာ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

မတ်လ (၁၀) ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် နာဂရကျေးရွာအုပ်စု၊ နာဂရပေါက်တောကျေးရွာမှ ရိုဟင်ဂျာများသည် ၎င်းတို့ရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့် အကွာတွင်ရှိသော တောင်တွင် ၎င်းတို့၏ နေအိမ်များ၌ သုံးရန်အတွက် ထင်းခုတ်နေစဉ် လက်နက်ကြီး ကျည်ဆံထိမှန်ပြီး ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အပြင် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

လက်နက်ကြီးကို မည်သည့်အဖွဲ့က ပစ်သည်ကို အသေအချာ မသိရကြောင်း ဒေသခံများက ဆိုကြသည်။  

သေဆုံးသူများမှာ -- 

(၁) ဦးကုရ်ဘာန်အလီ (ဘ) ဦးဆုလ်တာန် (အသက် ၅၆ နှစ်)
(၂) ဒေါလာယား (ဘ) ဦးနူရ်ဟူစိန်း (အသက် ၁၅ နှစ်)
(၃) ဦးမာမတ်ကာဆိမ်း (ဘ) ဦးနူရ်ရုဟ်ဟောက် (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။ 

ပြင်းထန်စွာဒဏ်ရာရရှိသူမျာ မိုဟာမတ်ရော်ဖိတ်ဖြစ်ပြီး၊ ၎င်းကို မြောင်းဘွေဆေးရုံ၌ ဆေးကုသပေးလျက်ရှိသည်။ 

ရခိုင်ပြည်နယ်အနှံ့တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများအကြားတွင် ရိုဟင်ဂျာများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။ သေဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပွားလျက်ရှိသော်လည်း တိုက်ခိုက်နေသည့် အဖွဲ့များက အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန် ဆင်ခြင်၍ ပစ်ခတ်ခြင်းများ မပြုလုပ်သောကြောင့် ဒေသခံများ အထူးစိုးရိမ်နေကြသည်။ 

ရိုဟင်ဂျာများ၏ ရွာများအနီးတွင် နေရာယူ၍ တိုက်ခိုက်သောကြောင့် တစ်ဖက်အဖွဲ့က ပြန်ပစ်သည့်အခါ ရိုဟင်ဂျာရွာသားများ ထိခိုက်နေရသည်။ အပြစ်မဲ့ရိုဟင်ဂျာများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း တို့အတွက် မည်သည့် လက်နက်ကိုင်အဖွဲ့ကမှ ဝမ်းနည်းစကားတစ်ခွန်းပင် မဆိုသောကြောင့် ဒေသခံများက နှစ်ဖွဲ့စလုံးက ပစ်မှတ်ထား၍ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ