မောင်တော၌ မီးသတ်ဝန်ထမ်းတစ်ဦးက ရိုဟင်ဂျာပိုင် နွား ၇ ကောင်ကို ဓါးဖြင့်ခုတ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မီးသတ်ဌာနမှ ကျက်စားနေသော နွား ၇ ကောင်ကို ဓါးဖြင့် ခုတ်ခဲ့သော်လည်း အာဏာပိုင်များက မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာ အရှေ့ပိုင်း ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက် အရှေ့ဘက်ရှိ ရိုဟင်ဂျာများ၏ လယ်ကွင်းတွင် ဆောက်လုပ်ထားသည့် နှစ်ထပ်ဆောင် သုံးခုတွင် စည်ပင်သာယာရေးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး၊ မီးသတ်ဌာန စသည်တို့မှ ဝန်ထမ်းများကို လွန်ခဲ့သည့်နှစ်လခန့်တွင် ဝန်ထမ်းအိမ်ရာအဖြစ် နေရာချပေးထားခဲ့သည်။ ၎င်းအိမ်ရာခြံဝင်းထဲတွင် မြက်ပင်များ စိမ်းစိုနေ၍ နွားများ၊ ဆိတ်များ ဝင်ရောက်၍ ကျက်စားကြသည်။ ယင်းနေရာသည် ယခင်က လယ်ကွင်းဖြစ်သောကြောင့် ယခုလည်း ဝင်ရောက် ကျက်စားကြခြင်း ဖြစ်သည်။ 

ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ယင်းခြံဝင်းထဲသို့ နွားများ ဝင်ရောက်၍ ကျက်စားနေစဉ် အိမ်ရာတွင် နေထိုင်သော မီးသတ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဓါးရှည်တစ်လက် ကိုင်ဆောင်၍ ထွက်လာပြီး နွားများကို တစ်ကောင်ပြီးတစ်ကောင် လိုက်ခုတ်ခဲ့သည်။ နွား ၇ ကောင်ကို ဓါးဖြင့် ခုတ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ နွားမ ၆ ကောင်နှင့် နွားထီးတစ်ကောင် ခုတ်ခံရသည်ဟု ဆိုသည်။ 

နွားမ ၄ ကောင်မှာ ကိုယ်ဝန်ဆောင်နွားမများ ဖြစ်ကြသည်။ နွားများ ဓါးဖြင့် ခုတ်ခံရခြင်းနှင့် ပတ်သက်၍ နွားပိုင်ရှင်များက ခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲစခန်း စသည်တို့တွင် တိုင်တန်းခဲ့သော်လည်း မည်သို့မျှ အရေးယူ ဖြေရှင်းပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။ 

နွားပိုင်ရှင်များမှာ ဦးအဒူလာမီးန် (ဘ) ဦးဆုလ်တာန်နှင့် ဦးဂျာဘူရာမာန် (ဘ) ဦးအာလ်တာဟူစိန်း တို့ဖြစ်ကြသည်။ 

၂၀၁၅ ခုနှစ်တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေများကို အာဏာပိုင်များက သိမ်းယူပြီး အဆောက်အအုံများ ဆောက်လုပ်ပြီးနောက် ဝန်ထမ်းများကို နေရာချထားပေးခဲ့ခြင်းဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ