မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြင်ဖြူ အမှတ် (၆) နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိနှစ်ဦးက ရွာသားတစ်ဦးကို အုပ်ချုပ်ရေးမှူး ဖြစ်အောင် လုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၅၀ လိမ်ယူခဲ့သည်။
မောင်တောမြို့နယ် မင်္ဂလာကြီး (၁) ကျေးရွာမှ ဦးရာမတ်အူလ္လာ (ဘ) ဦးကော်ဘိရ် သည် ပြင်ဖြူ နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အောင်နှင့် ရဲအုပ်ထွန်းထွန်းမြင့် တို့နှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ ၎င်းသည် ယင်းရဲအရာရှိများနှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူ၍ ရွာသားများနှင့် ပတ်သက်ပြီး မဟုတ်မမှန် သတင်းများကို ရဲအရာရှိများထံ ပေးပို့ပြီး ငွေညှစ်ခိုင်းလေ့ရှိသောကြောင့် ရွာသားများ အလွန်ဒုက္ခရောက်ရသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။
ရွာသားများကို ဒုက္ခပေးပြီး၊ ရဲအရာရှိများ ငွေရရန် နည်းလမ်းဖန်တီးပေးသောကြောင့် ရဲအရာရှိများနှင့် ပိုမိုနီးကပ်လာသည်။ ရဲအရာရှိများက ၎င်းအား အုပ်ချုပ်ရေးမှူး ဖြစ်လာအောင် လုပ်ပေးမည်ဖြစ်ကြောင်း၊ ငွေကျပ် သိန်း ၂၅၀ ပေးရမည် ဖြစ်ကြောင်း၊ ရွာသားများ ဘာလုပ်နေသည်ဆိုသည်ကို နေ့စဉ် သတင်းပေးပို့ရမည် ဖြစ်ကြောင်း၊ ဇူလိုင်လ (၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဖြစ်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အုပ်ချုပ်ရေးမှူး အလွန်ဖြစ်ချင်သည့် ဦးရာမတ်အူလ္လာ သည် ၎င်းပိုင်ဆိုင်သည့် ကျွဲ၊ နွားများကို ရောင်းချ၍ ဇွန်လ (၁၂) ရက်နေ့တွင် ငွေကျပ် သိန်း ၁၀၀၊ ဇွန်လ (၂၆) ရက်နေ့တွင် ငွေကျပ် သိန်း ၁၀၀၊ ဇူလိုင်လ (၁) ရက်နေ့တွင် ငွေကျပ် သိန်း ၅၀၊ သုံးကြိမ်ခွဲ၍ ငွေကျပ် သိန်း ၂၅၀ ကို ရဲမှူးမြင့်အောင်နှင့် ရဲအုပ်ထွန်းထွန်မြင့် တို့ကို ပေးအပ်ခဲ့သည်။ ထို့အပြင် နေ့စဉ် ပုဇွန် ၁၀ ပိဿာခန့် တစ်လတိတိ ပေးခဲ့ရသည်။
ဦးရာမတ်အူလ္လာက ရဲမှူးနှင့် ရဲအုပ်တောင်းသည့် အတိုင်း ငွေကျပ် သိန်း ၂၅၀ ပေးသော်လည်း နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူး ရာထူးမရဘဲ ငွေသာ အလိမ်ခံလိုက်ရသည်ဟု ဒေသခံများက ဆိုသည်။
ဦးရာမတ်အူလ္လာနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူး ဖြစ်မလာသည်မှာ ကောင်းသည်ဟုသာ မှတ်ချက်ပေးကြသည်။ သို့သော်လည်း ၎င်းနှင့် ပူးပေါင်း၍ ရွာသားများကို ဒုက္ခပေးသည့် ရဲမှူးနှင့် ရဲအုပ်တို့ကို ငွေကြေးလိမ်လည်မှု၊ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်မှုတို့ဖြင့် ထိရောက်စွာ အရေးယူပေးရန် လိုလားသည်ဟု ဆိုကြသည်။