ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေများပြိုကျပြီး ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံးပြီး၊ ၄၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု အထောက်အကူများ ပေးနေသည့် အဖွဲ့အစည်းများက ယနေ့ ဇူလိုင်လ (၇) ရက်နေ့တွင် ပြောသည်။
ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် စနေနေ့က မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့ပြီး၊ လွန်ခဲ့သည့် (၃) ရက်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ၁၄ လက်မခန့် ရေကြီးခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများက ပြောသည်။
တောင်များနှင့် နီးကပ်စွာ တည်ဆောက်ထားသည့် ယာယီတဲများရှိရာ ဒုက္ခသည်စခန်းများတွင် ၂၆ နေရာ၌ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇူလိုင်လ (၅) ရက်နေ့က ကုလသမဂ္ဂမှ ထုတ်ပြန်သည့် သတင်းတွင် ရိုဟင်ဂျာဒုက္ခသည် (၁၁) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တဲအိမ် ၂၇၃ လုံး ပျက်စီးသွားသည် ရေးသားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ တာဝန်ရှိသူ အာရီဇ်ရာဟ်မန်က လေပြင်းမုန်တိုင်းကြောင့် တဲအိမ် ၃၀ လုံး ပျက်စီးသွားပြီး၊ တံတိုင်းပြိုကျမှုကြောင့် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု အေအက်ဖ်ပီ သို့ပြောသည်။
ကုသုပါလောင်ဒုက္ခသည်စခန်းမှ အသက် (၄၀) အရွယ် ဦးနုရ်မိုဟာမတ်က ၎င်းနှင့် ဆွေမျိုး (၁၂) ဦးသည် တောင်ပေါ်ရှိ တာပေါ်လင်ဖြင့် ကာထားသည့် တဲများမှ ထွက်ပြေး၍ ၎င်းထံ ရောက်ရှိသည်ဟု ဆိုသည်။ ၎င်း၏ တဲအိမ်အတွင်း လူပြည့်နှက်နေပြီး၊ ရောက်ရှိလာသူများကို ကျွေးမွေးရန် ခက်ခဲနေသဖြင့် ပူပန်နေသည်ဟု ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ No Man's Land တွင် လေပြင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ကျော် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်။
“ကလေးတွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့မှာ သောက်သုံးရေ အလုံအလောက်မရှိဘူး” ဟု ဦးဒိလ်မိုဟာမတ် က အေအက်ဖ်ပီ သတင်းဌာနကို ဖုန်းဖြင့် ပြောသည်။
ဒူးအထက် ရေကြီးနေခြင်းမှာ မြန်မာအာဏာပိုင်များက မြစ်အနီး ဆည်ဆောက်ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမတ်အာဘူကာလာမ် က အရေးပေါ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။
၂၀၁၇ ခုနှစ်တွင် မိုးပြင်းလေပြင်းများကြောင့် ဒုက္ခသည် (၁၇၀) ဦး သေဆုံးခဲ့ရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ရေကြီးမှု၊ မြေပြိုမှုများ၏ အန္တရာယ်ဖြင့် အသက်အန္တရာယ် ကြုံနေရသည့် ရိုဟင်ဂျာဒုက္ခသည် ၃ သောင်းကျော်ကို နေရာပြောင်းရွှေ့ပေးခဲ့သည်။