မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာအုပ်စု (မြို့ဦး)၊ လသာရွာတွင် နေအိမ်တစ်လုံးနှင့် ဆိုင်ခန်း မီးလောင်ပြာကျသွားခဲ့သည်။
ယနေ့ မေလ (၂၅) ရက်နေ့ နံနက် ၄း၂၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ဧတာလျာကျေးရွာအုပ်စု (မြို့ဦး)၊ လသာရွာရှိ ဦးအဒူနော်ဘီ၏ ကွန်ကရစ်ခင်း၊ ဝါးနံရံ၊ ဓနိမိုး နေအိမ်မှ မီးစတင်လောင်ကျွမ်းပြီး၊ ယင်းအိမ်နှင့် အိမ်ရှေ့ရှိ ဆိုင်ခန်းတစ်ခန်း မီးလောင်ပြာကျသွားခဲ့သည်။
ယင်းနေအိမ်ရှိ မိသားစုဝင်များသည် ဥပုသ်ဆောက်တည်ရန်အတွက် ထမင်းစားသောက်ပြီးနောက်၊ အမျိုးသားများသည် ဝတ်ပြုရန် သွားနေပြီး၊ အမျိုးသမီးများသည် မီးဖိုခန်းတွင် အိုးခွက်ပန်းကန်များ ဆေးကြောနေစဉ် အိမ်ရှေ့ ဧည့်ခန်းမှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။
ဧည့်ခန်း၌ ထွန်းထားသည့် ဖယောင်းတိုင်မီးသည် နံရံသို့ ကူးစက်၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။
နံနက် ၄း၂၀ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းပြီး နံနက် ၅ နာရီခန့်တွင် အိမ်နှင့် ဆိုင်ခန်းတို့ ပြာကျသွားခဲ့သည်။ ရွာသားများက ဝိုင်းဝန်းမီးငြိမ်းသတ်သောကြောင့် ဘေးပတ်ဝန်းကျင်ရှိ အိမ်များသို့ မီးကူးစက်နိုင်ခြင်း မရှိခဲ့ပေ။
နံနက် ၅ နာရီအချိန်တွင် မီးသတ်ကားနှစ်စီးရောက်ရှိလာပြီး မီးကြွင်းမီးကျန်များကို ရေလောင်း၍ ငြိမ်းသတ်ခဲ့သည်။