"လ" ကလေး မပေါ်လာပါစေနှင့်
မောင်လတ် Rohingya Today
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်ကလေးတစ်ဦး (Photo: Jack Hill/The Times)

ညိုးငယ်သောအသွင်သဏ္ဍာန်၊ ညှိုးနွမ်းနေသည့် နေလောင်ထားသော မျက်နှာနှင့် စိတ်အားငယ်လျက် ပြောသော သူ့စကားသည် လူလေး၏ဘဝအခြေအနေကို သက်သေထူလျက်ရှိပါသည်။

''မြေပဲလှော်.... ပဲလှော်.... ကျွတ်ကျွတ်လေး"

"မြေပဲလှော်.... ပဲလှော်.... ကျွတ်ကျွတ်လေး"

"ကာမာလ်" သည် မြေပဲလှော်ထုပ်၊ ပဲလှော်ထုပ်များကို လည်မှာဆွဲလျက် လူအုပ်ထဲတွင်မရပ်မနား လျှောက်သွားလျက်ရှိသည်။ နှုတ်မှာလည်း တကျော်ကျော်နှင့်။

"မြေပဲလှော်.... ပဲလှော်.... ကျွတ်ကျွတ်လေး.... "

နေဝန်းနီနီကို ကူတုပါလောင် တောင်ကတုံးပေါ်က မြင်ရလေပြီ။ လူများသည်အခြားလများ၏ "လ" ကြည့်ရသည်ကို အရေးတစိုက်မရှိသော်လည်း ရှောင်ဝလ်လ၏ "လ" ကိုမူ ပျော်ပျော်ရွှင်ရွှင်စိတ်အားထက်သန်စွာ ကြည့်လေ့ရှိသည်။ အိဒ်ပွဲဖြစ်မည့်အရေးကို မျှော်တွေးရင်း လကို ရှာဖွေလျက်ရှိသည်။ ကလေးငယ်များသည်"လ" မမြင်ရသော်လည်း မြင်ခဲ့ဘိသကဲ့သို့ မြူးထူးပျော်ပါးကာ အော်ဟစ်ခုန်ပေါက်လေ့ရှိကြရာ အနီးပတ်ဝန်းကျင်၌ ဆူဆူညံညံဖြစ်နေသည်။ လောကကြီး၏ အထူအပါး၊ လောကဓံတရား၏ အချိုအခါးကို နားမလည်သေးသော ကလေးငယ်များသည်ဒုက္ခသည်စခန်း၌ နေပျော်သလို နေကြသည်မှာ မည်သို့မျှ မထူးဆန်းပေ။ အနောက်ရပ်ဝန်းမိုးကုတ်စက်ဝိုင်းဘက်သို့ လက်ညှိုးတထိုးထိုးနှင့် ညွန်ပြသူက ညွန်ပြ၊ အပြန်အလှန်စကားပြောသူက ပြော စသည်ဖြင့် ထိုနေရာတစ်ခုလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေသည်။ အချို့မှာမူ မွေးရပ်ဌာနေကို လွမ်းနေရင်း၊ သက်ပြင်းများ အဆက်မပြတ်ကျနေရင်းပင်။

ထိုလူအုပ်ကို ကြည့်ရင်း ကာမာလ်သည် သက်ပြင်းကို လေးလေးပင်းပင်း ချလိုက်သည်။ တဆက်တည်းမှာ စိုးရိမ်စိတ်နှင့်ယှဉ်တွဲ၍ သူ၏ နှလုံးခုန်နှုန်းကလည်း မြင့်တက်လာဟန်ရှိပါသည်။ နဂိုက ညှိုးငယ်နေသော မျက်နှာသည် ပို၍ညှိုးမှိုင်လာပြီး ချွေးများလည်း စိုတက်လာသည်။ သူ တိုးတိုးရွတ်လိုက်ပုံက "ဒီည လမပေါ်လာပါစေနဲ့"။ 

ကာမာလ်သည် ငေးငိုက်နေရင်း၊ ဝဲတက်လာသော မျက်ရည်ကို သိမ်းလိုက်ကာမြေပဲလှော် အထုပ်များကို လည်မှာဆွဲရင်း မပြီးပြတ်သေးသော သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်ပြန်သည်။ 

"မြေပဲလှော်.... ကျွတ်ကျွတ်လေး..." ဟူသော သူ၏ ညည်းနေသံကို ဘာသာပြန်ဖို့ မည်သူမျှ အရေးမစိုက်အားပေ။ 

သည်နေ့အဖို့ သူ၏အိမ်စရိတ်အတွက် ရရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူ ကျေနပ်ခြင်းမရှိပေ။ သူတွေးနေသည်။ "ဖေဖေသာ လူယုတ်မာတွေရဲ့ လက်ချက်နဲ့ အသတ်မခံရခဲ့ရင်..."။ 

"ဖေဖေသာ ဒီနေ့ ရှိနေမယ်ဆိုရင်သားတို့ကို အိဒ်ပွဲအတွက် အဝတ်အစား ဝယ်ပေးခဲ့မှာနော်"။ တွေးရင်းနှင့်ပင်သူ၏မျက်လုံးမှ မျက်ရည်များ စီးကျလာနေ၏။

သူ၏ဖခင်ဖြစ်သူ "ဦးအီဗရာဟိးမ်" ဆုံးပါးခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဖခင်ရှိခဲ့စဉ်က မကြောင့်မကြ မစိုးမရိမ်ဘဲ နေခဲ့ရသော်လည်း ဖခင် အသတ်ခံရသောအခါ သူတို့မိသားစုသည်လည်း ဒုက္ခသည်စခန်း၌ ရောင်စုံဒုက္ခများစွာကို နိစ္စဓူ၀ တွေ့ကြုံရင်ဆိုင်နေရသည်။ သေနတ်သံ၊ လက်နက်ကြီးသံများကြားက အသက်ကိုလုကာ သေဘေးမှ ရုန်းကန်ပြေးလာ၍ လွှတ်မြောက်လာခဲ့ရသူပီပီ လူချည်းသက်သက်သာ ထွက်လာနိုင်ခဲ့သည်။ မည်သည့် အသုံးအဆောင်ပစ္စည်းကိုမှ ယူဆောင်လာခွင့်မရှိပေ။

နောက်ဆုံးတွင်မိခင် "အာအိရှာဟ်" သည်မိမိ၏ တဲအိမ်လေးတွင် မိသားစုဘဝအသက်ရှင်နိုင်ရေး အလို့ငှါ အိမ်တွင်းမှာ ဘယာကြော်ရောင်း၊ သားလေး ကာမာလ်မှာ မြေပဲလှော်၊ ပဲလှော် စသော မုန့်ပဲသရေစာများကို အရင်ပေးအမြတ်ယူစနစ်ဖြင့် လျှောက်ရောင်းရလေသည်။

ကာမာလ်အဖို့ သူမဝယ်နိုင် မဝတ်နိုင်မည်ကို အဓိကမထားမဟုတ်ဘဲ သူ၏ညီမငယ် "ဟာဆီနာ" စိတ်အားငယ်မည်ကိုတွေးပြီး စိုးရိမ်မှုပိုနေသည်။ ညီမငယ်လေးကို အဝတ်သစ်တစ်စုံ ဝယ်ပေးနိုင်ရန် ငွေနှစ်ထောင်ခန့် စုဆောင်းနိုင်ခဲ့သော်လည်း နောက်ထပ် နှစ်ထောင်ခန့် ထပ်လိုနေပါသေးသည်။

စုဆောင်းနိုင်ခဲ့သည့်ငွေက ညီမလေးအတွက် အပေါစားအကျႌတစ်ထည် ဝယ်နိုင်လောက်သာ ရှိသေးသည်ဟု ကာမာလ်တွေးနေမိသည်။

ဤသို့ဖြင့် ဘာလူကာလီသို့ ရောက်လေရာ အနောက်ကောင်းကင်စက်ဝန်းဘက်ကို လက်ညှိုးညွှန်ပြနေသူများ၊ လမြင်ရသည့်အခါ ရွတ်သည့် ဆုတောင်းစကား ရွတ်ဆိုနေသူများနှင့် ရှုပ်ရှက်ခတ်နေသူများကို ကြည့်ရင်း တုန်လှုပ်နေသော ရင်အစုံဖြင့် ကာမာလ်သည်နေမင်းကြီးမရှိသေးသော အနောက်ရပ်ဝန်း ကောင်းကင်ဘက်သို့ မော့ကြည့်မိလိုက်လေသည်။ သူ၏ မျက်လုံးထဲ တိုးဝင်မြင်ရသော လခြမ်းသေးသေးလေးက သူ၏ပင်ပန်းသောစိတ်ကို ပို၍ပင်ပန်းနွမ်းလျစေခဲ့ပြီ။

"အော် ..မနက်ဖြန် ငါမဖြစ်စေချင်တဲ့ အိဒ်ပွဲ ဖြစ်ခဲ့ပြီပေါ့လေ" ဟု သက်ပြင်းကျရင်း ကာမာလ်သည် ခြေလှမ်းကို အားယူလှမ်းရင်း သူ၏တဲအိမ်ရှိရာသို့ တစ်လှမ်းချင်း လှမ်းသွားနေလေသည်။ 

အိမ်တံခါးဝတွင် တစောင့်နှင့်နေသော ညီမငယ်က ပြုံးရွှင်စွာ ဆီးကြိုလျက် ထကြွစွာ လှမ်းမေးလိုက်သည်။

"လမြင်ခဲ့သလား အကို"။

ပဲလှော်ထုပ်များသည်ကာမာလ်၏ လက်ထဲက ပြုတ်ကျသွားလို့။ ပါးပြင်နှစ်ဖက်မှာလည်း မျက်ရည်ချောင်း ဖြစ်လာနေသည်ကို ညီမဖြစ်သူ သေချာမမြင်လိုက်ခင်အလျင်အမြန်သုတ်လိုက်ရင်း တဲအိမ်အမှောင်ထဲသို့ ခပ်သွက်သွက်ဝင်သွားခဲ့သည်။

တကယ်လည်း ကာမာလ်၏ ကမ္ဘာကြီးသည်မှောင်မြဲမှောင်မိုက်နေလေသည်ကို ကာမာလ်၏ အဖြစ်အပျက်အကြောင်းတရားများ ကာမာလ်သည်သာ အသိဆုံးဖြစ်လေသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ