မောင်တော ။ ။ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးမှ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သည့်အဖွဲ့သည် မောင်တောမြို့မှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
မဟာမင်းကြီး Mr. Filippo Grandi နှင့်အဖွဲ့သည် မေလ (၂၀) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာပြီး၊ မေလ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပန်းတောပြင်ကျေးရွာသို့ သွားရောက်၍ ရွာသားများနှင့် တွေ့ဆုံခဲ့သည်။ ၎င်းနှင့်အတူ မောင်တောခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စ.ရ.ဖ၊ စ.စ.စ အထူးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များလည်း လိုက်ပါလာသည်။
ရွာသားများနှင့် တွေ့ဆုံစဉ် ရွာသားများ တွေ့ကြုံနေရသည့် အခက်အခဲများကို မေးမြန်းရာ ရွာသားများက ရေအခက်အခဲရှိကြောင်း၊ စာသင်ကျောင်းနှစ်ခုသာ ရှိကြောင်း ပြောပြပြီး၊ အာဏာပိုင်များ၏ ရှေ့မှောက်တွင် ဖြစ်၍ ကြောက်ရွံကာ ကျန်သည့် အခက်အခဲများနှင့် ပတ်သက်၍ ပြောပြနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
ထို့နောက် မဟာမင်းကြီးနှင့် အဖွဲ့သည် ကျောင်းနှင့် ရေကန်များကို သွားရောက်ကြည့်ရှုကာ ရေကန်များ မွမ်းမံပေးမည် ဖြစ်ကြောင်း၊ ကျောင်းဆောင်များလည်း ဆောက်လုပ်၍ လှူဒါန်းပေးမည်ဟု ပြောကြားခဲ့သည်။ ပန်းတောပြင်ရွာ၏ တောင်ဘက်နှင့် အနောက်ဘက်ရှိ ချောင်းမှ ရေငန်များ တက်လာပြီး မိုးစပါးများ ပျက်စီနေသည့်အတွက် ရေကာတာ ဆောက်လုပ်ပေးမည်ဟုလည်း ပြောဆိုခဲ့သည်။
ပန်းတောပြင်ရွာရှိ လယ်မြေများကို ယမန်နှစ် မိုးရာသီအချိန်က စ၍ ရွာတည်မည်ဟု ဆိုကာ အလံများနှင့် တိုင်များ စိုက်ထူထားပြီး၊ ယခုလက်ရှိ ပကတိအခြေအနေမှန်ကို မဟာမင်းကြီးနှင့် အဖွဲ့ မြင်တွေ့သွားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပန်းတောပြင်ကျေးရွာ ကို စံပြကျေးရွာ အဖြစ် တည်ဆောက်သွားမည်ဟု ဆိုသဖြင့် ရွာအလယ်တွင် မီးစက်ရုံ ဆောက်လုပ်ပြီး၊ လမ်းဘေးတွင် မီးတိုင်များစိုက်၊ မီးကြိုးများသွယ်၊ အချို့သောအိမ်များသို့ မီးကြိုးများသွယ်၍ မီးသီးများ တပ်ဆင်ထားသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ မီးရရှိခြင်း မရှိသေးဟု ဒေသခံများက ပြောပါသည်။
ယခု ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး မဟာမင်းကြီး ပြောဆိုသွားသည်များလည်း လက်တွေ့တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ပြောဆိုသွားသည့်အတိုင်း ဖြစ်လာနိုင်ချေသာ ရှိသည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။
မဟာမင်းကြီးနှင့် အဖွဲ့ မောင်တောမြို့နယ် မြောက်ပိုင်းသို့ သွားရောက်၍ ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။