ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ (မ.က.ဖ) နှင့် စစ်တပ်တို့ ပူးပေါင်း၍ အိမ်ထောင်စု လူဦးရေစာရင်းအတိုင်း စစ်ဆေးပြီး ဓါတ်ပုံ ရိုက်ယူခဲ့သည်။
မေလ (၂) ရက်နေ့ နေ့လည် ၁ နာရီတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စေတီတောင်ကျေးရွာအုပ်စု၊ စေတီတောင် ရိုဟင်ဂျာရွာနှင့် ဘော်လီရွာများသို့ စစ်တပ်နှင့် မ.က.ဖ အဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူရောက်ရှိလာပြီး လူနေအိမ်များမှ အိမ်သူအိမ်သားများကို အိမ်ရှေ့ကြမ်းပြင်သို့ ထွက်ခိုင်း၍ အိမ်ထောင်စု လူဦးရေစာရင်းအတိုင်း လူဦးရေစစ်ဆေးပြီး ဓါတ်ပုံရိုက်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
“မိသားစုဝင် မစုံရင် ဘယ်သွားနေလို့ မစုံတာလဲ ဆိုတာကို စစ်ဆေးမေးမြန်းတယ်။ တစ်ချို့အိမ်တွေကျတော့ မသင်္ကာလို့ ရှာဖွေ စစ်ဆေးတယ်။ ပြန်ထွက်လာတဲ့အခါမှာ အိမ်က ဘာပစ္စည်းမှ ယူမသွားကြောင်းကို အိမ်ထောင်ဦးစီးတွေကို လက်မှတ်ထိုးခိုင်းတယ်။ စစ်ဆေးတဲ့အချိန်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လူ၊ ပစ္စည်း ဘာမှ မတွေ့တော့ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
မ.က.ဖ အဖွဲ့ဝင်များနှင့် စစ်သားများသည် နေ့လည် ၃ နာရီခန့်တွင် စစ်ဆေးပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။
စေတီတောင် ရိုဟင်ဂျာရွာတွင် အိမ်ခြေ ၆၀ သာကျန်ရှိပြီး၊ ဘော်လီရွာတွင် အိမ်ခြေ ၁၁၀ ရှိသည်။
စေတီတောင် ရခိုင်ရွာကိုလည်း ဝင်ရောက် စစ်ဆေးနေသည်ဟု ရိုဟင်ဂျာရွာသားများက ပြောသည်။ ဧပြီလ (၃၀) ရက်နေ့တွင် စေတီတောင်ရခိုင်ရွာသို့ စစ်သား ၂၀၀ ကျော်ရောက်ရှိလာပြီး၊ စစ်သားအချို့က ရွာကို ဝန်းရံပြီးနောက် ကျန်သည့် စစ်သားများသည် အထက်တန်းကျောင်း၊ ကျေးလက်ဒေသ ဆေးကုခန်းနှင့် ဘုန်းကြီးကျောင်းတို့တွင် စခန်းချထားသည်။
ရောက်သည့်နေ့တွင် စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သော်လည်း ယနေ့ မေလ (၂) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝတ်စုံများ ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ ယင်းရွာကို မေလ (၁) ရက်နေ့ကလည်း စစ်ဆေးခဲ့ပြီး၊ ယနေ့ မေလ (၂) ရက်နေ့တွင်လည်း ဆက်လက် စစ်ဆေးသည်။ ရခိုင်အမျိုးသားများကို ရွာအပြင်သို့ ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားသည်။ အမျိုးသမီးများကို ရွာပြင်ထွက်ခွင့်ပြုသော်လည်း အဝင်အထွက် စစ်ဆေးသည်ဟု သိရသည်။