မောင်တော လိပ်ရအနီး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ လိပ်ရကျေးရွာကို ဝန်းရံစစ်ဆေး
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) အပိုင်း လိပ်ရကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ လိပ်ရကျေးရွာသို့ အစိုးရလက်နက်ကိုင်အဖွဲ့များက ဝန်းရံစစ်ဆေးခဲ့သည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) အပိုင်း လိပ်ရကျေးရွာအနီးတွင် ဧပြီလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးကို အာဆာလက်နက်ကိုင်အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ၎င်းကို မောင်တော ဆေးရုံ၌ ဆေးကုသပေးခဲ့သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အစပိုင်းတွင် မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို အတိအကျ မသိဟု သတင်းထုတ်ပြန်ခဲ့သော်လည်း၊ အာဆာ က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဗီဒီယိုဖြန့်ဝေခဲ့ပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အာဆာ ၏ လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့သည်။ 

ဧပြီလ (၂၃) ရက်နေ့တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လိပ်ရကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လိပ်ရကျေးရွာမှ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေသည့် ဦးကာဆိမ်းတို့ကို ကြိမ်ချောင်း နယ်မြေစခန်းသို့ ခေါ်ယူ စစ်ဆေးပြီး ညနေပိုင်း ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဧပြီလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ စသည့် တပ်ဖွဲ့ပေါင်းစုံ အင်အား ၂၀၀ ကျော်သည် လိပ်ရကျေးရွာသို့ သွားရောက်၍ ဦးဆော်ယာဒ်ဆော်လာမ်၏ နေအိမ်ကို ဝန်းရံပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့သည်။ ဦးဆော်ယာဒ်ဆော်လာမ် ကို မတွေ့ရှိသဖြင့် ၎င်း၏ ဆယ်ကျော်သက်အရွယ် သားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

ရွာအတွင်းရှိ အခြားအိမ်များကိုလည်း ဝင်ရောက်ရှာဖွေခဲ့သည်။ ရွာသားအချို့ကို တောတောင်ထဲသို့ စေလွှတ်၍ ဦးဆော်ယာဒ်ဆော်လာမ်ကို ရှာဖွေခိုင်းခဲ့သည်။ တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ တောတောင်ထဲသို့ ဝင်ရောက် ရှာဖွေခြင်း မပြုလုပ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

တောတောင်ထဲတွင် ရွာသားများက ရှာမတွေ့သဖြင့် နောက်ဆုံးတွင် ဖမ်းဆီးထားသည့် ဆယ်ကျော်သက် အရွယ် သားနှစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့နှစ်ဦး နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းပြီး ၎င်းတို့၏ ဖခင်ဖြစ်သူကို ခေါ်ပေးပါမည်ဟု ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီး ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ