ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီးတစ်ဦးထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာအုပ်စုမှ ရာအိမ်မှူးများသည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ အမျိုးသမီးတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၃) မှ ဦးဘာရူး (ကွယ်လွန်) နှင့် ဒေါ်အာနိုဝါရ်ဘေဂမ် တို့၏ သားဖြစ်သူ မောင်ဇီယာဘုလ်ဟောခ် (အသက် ၁၄ နှစ်) သည် ဧပြီလ (၂၂) ရက်နေ့တွင် နံနက်စာ စားပြီးနောက် အားဆေး (Syrup) သောက်ရန် ပြင်ဆင်နေစဉ် ဆေးပုလင်းမှားပြီး ဟင်းခင်း၌ ဖျန်းရန် ထားသည့် ပိုးသတ်ဆေးပုလင်းကို ဖွင့်ခဲ့သည်။ ပုလင်းဖွင့်ပြီးသည်နှင့် အဆိပ်နံ့များသည် ၎င်း၏ နှာခေါင်းထဲသို့ ဝင်သွားသဖြင့် မူးသွားခဲ့သည်။ အဆိပ်နံ့မှန်းသိသွားကြောင့် အချိန်မီ ပုလင်းကို ပြန်ပိတ်ခဲ့သည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များက ပြောဆိုနေသည်ကို အိမ်နီးချင်းဖြစ်သူ ရာအိမ်မှူး ဇူဘိုင်ရ် က သိရှိသွားပြီး ဧပြီလ (၂၃) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ချီးချာ၊ ရာအိမ်မှူး အာနိုဝါရ်တို့နှင့် ပူးပေါင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးမှ တဆင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့နောက် ၎င်းတို့က နယ်ခြားစောင့်ရဲများကို ကျေးရွာသို့ ခေါ်ဆောင်လာပြီး၊ ဒေါ်အာနိုဝါရ်ဘေဂမ် ကို နယ်မြေမှူးမှ ခေါ်နေသည်ဟု ဆိုကာ ဒေါ်အာနိုဝါရ်ဘေဂမ် ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ 

ငွေညှစ်ချင်နေသည့် ရာအိမ်မှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများက ဒေါ်အာနိုဝါရ်ဘေဂမ်ကို “နင့်သား အဆိပ်သောက်ခဲ့တယ်၊ အဲဒါကြောင့် နင်ထောင်ချခံရမယ်” ဟု ခြိမ်းခြောက်သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ငွေကျပ် ၁၀ သိန်း တောင်းခံသည်။ 

နောက်ဆုံးတွင် နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြောက်ရွံ့၍ ငွေကျပ် ၄ သိန်းခွဲ ပေးရကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် တပည့်ဖြစ်သူ ချီးချာ တို့သည် ရွာသားများကို လုပ်ကြံ၍ မကြာခဏ မတရားသဖြင့် ငွေညှစ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ