ကျောက်တော် ပီစိရွာမှ ရိုဟင်ဂျာတစ်ဦးကို ရေတပ်က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့နှင့် တရားရုံးတို့က ပြန်လွှတ်ပေးရန်အတွက် ငွေကျပ် ၂၅ သိန်းတောင်းခံနေ
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပီစိရွာမှ ရိုဟင်ဂျာတစ်ဦးကို မြန်မာရေတပ်က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့နှင့် တရားရုံးတို့က ပြန်လွှတ်ပေးရန် အတွက် ငွေကျပ် ၂၅ သိန်း တောင်းခံနေသည်။ 

ရိုဟင်ဂျာအချို့သည် မင်္ဂလာပွဲတွင် ဗုံတီး၍ (ဒေသအခေါ် မောင်းထိုး) ရိုးရာဓလေ့အတိုင်း ပျော်ရွှင်လေ့ရှိသည်။ ဧပြီလ (၁၉) ရက်နေ့တွင် ပီစိရွာမှ ဦးကော်မောလ်အုဒ္ဒိန် (ဘ) ဦးဂျော်နာလ်အုဒ္ဒိန် (အသက် ၅၇ နှစ်) ၏ နေအိမ်တွင် မင်္ဂလာပွဲ ရှိသဖြင့် ဗုံတီး၍ ည ၉ နာရီကျော်ထိ ပျော်ရွှင်စွာ ဆင်နွဲခဲ့သည်။ 

ည ၉ နာရီကျော်စွန်းစွန်း အချိန်တွင် သကြားစက်နှင့် မနီးမဝေး ပီစိရွာချောင်းရှိ မြန်မာရေတပ်မှ တပ်ဖွဲ့ဝင်များ ဦးကော်မောလ်အုဒ္ဒိန် ၏ နေအိမ်သို့ ရောက်ရှိလာပြီး ဦးကော်မောလ်အုဒ္ဒိန်ကို ဖမ်းဆီး၍ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂေါက်ချေကို အကြောင်းကြားသဖြင့် ဦးဂေါက်ချေက မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ပီစိရွာမှ ရာအိမ်မှူး ဦးကာမာလ်အာမတ် ကို ဗုံတီးနေသည်ကို အစီရင်ခံရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ တာဝန်မှ ရပ်စဲခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂေါက်ချေက ဖမ်းဆီးခံရသူ ဦးကော်မောလ်အုဒ္ဒိန် ကို ခြေချုပ်ဖြင့် ချုပ်နှောင်ထားမည်၊ ပုဒ်မ ၁၄၄ ဖီဆန်မှုဖြင့် အရေးယူမည် စသည်ဖြင့် ပြောဆို၍ အမျိုးမျိုး ခြိမ်းခြောက်နေသည်။ ထိုသို့ ခြိမ်းခြောက်နေခြင်းမှာ လွန်ခဲ့သည့်တစ်လခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးကော်မောလ်အုဒ္ဒိန်၏ ခြံဝင်းထဲရှိ ကုက္ကိုပင်ကြီးတစ်ပင် တောင်းခဲ့သော်လည်း မပေးခဲ့သောကြောင့် ဖြစ်မည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။ 

ယခုအခါ ၎င်းအား ပြန်လွတ်ပေးရန်အတွက် ရဲစခန်းနှင့် တရားရုံးတို့ ပူးပေါင်း၍ ငွေကျပ် ၂၅ သိန်း တောင်းခံလျက်ရှိသည်။ ငွေကျပ် ၂၅ သိန်း မပေးပါက ထောင်ဒဏ် ၂ လ ကျမည်ဟု ခြောက်လှန့်၍ တောင်းနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ