ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်ချုပ်ရေးမှူးသစ်က ရာအိမ်မှူးများကို အလုပ်ဖြုတ်ပြီးနောက် အသစ်ခန့်သူများထံမှ ငွေကျပ် ငါးသိန်းစီ အတင်းအဓမ္မ ညှစ်ယူခဲ့သည်။
ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးကို ယခုနှစ် ဖေဖော်ဝါရီလတွင် တာဝန်မှ ရပ်စဲပြီးနောက် ယင်းကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးဇော်အေးမောင်ကို တစ်လအတွက် ယာယီခန့်အပ်ခဲ့ပြီး ယခုလ အစောပိုင်းတွင် ဒိုင်းနက်ရွာမှ ဦးအောင်နိုင် ကို အုပ်ချုပ်ရေးမှူး အဖြစ်ခန့်အပ်ခဲ့သည်။
ဦးအောင်နိုင်သည် အုပ်ချုပ်ရေးမှူး ရာထူးရသည်နှင့် ယခုလ ပထမပတ်တွင် ရာအိမ်မှူးများ အားလုံးကို တာဝန်မှ ဖယ်ရှားပြီး ရာအိမ်မှူးအသစ်များ ခန့်အပ်ခဲ့သည်။ အသစ်များ ခန့်အပ်ရာတွင် ရွာသားများ၏ ဆန္ဒအတိုင်းမဟုတ်ဘဲ ၎င်း၏ ဆန္ဒအတိုင်းသာ ရွေးချယ်ခန့်အပ်ခဲ့သည်။ ခန့်အပ်ခံရသူများထဲတွင် ယခင်က ရာအိမ်မှူးအချို့လည်း ပါဝင်သည်။
အသစ်ခန့်အပ်သည့် ရာအိမ်မှူးများထံမှ မြို့နယ်အုပ်ချုပ်ရေးမှူးအား ပေးရမည်ဟုဆိုကာ ငွေကျပ် ငါးသိန်းစီ အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
“အသစ်ခန့်ခံရတဲ့ ရာအိမ်မှူးတစ်ယောက်က ရာအိမ်မှူး ရာထူးလည်း မလိုဘူး၊ ငွေလည်း မပေးနိုင်ဘူးလို့ ပြောတော့ အုပ်ချုပ်ရေးမှူး အောင်နိုင် က မင်းကို ငါခန့်တာ မဟုတ်ဘူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး က ခန့်တာ ဖြစ်လို့ ငွေလည်း ပေးရမယ်၊ ရာအိမ်မှူး ရာထူးလည်း ယူရမယ်၊ မဟုတ်ရင် ဒုက္ခရောက်မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ကြောက်လန့်ပြီး ဒမြတိုက်တဲ့ ငွေကို ပေးပြီး ရာအိမ်မှူး ရာထူးယူလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ငွေကျပ် ၅ သိန်း ညှစ်ခံရပြီး ရာအိမ်မှူး ခန့်ထားခံရသူများမှာ -- အောင်လံပြင်မှ (၁) ဦးဒိလ်မာမတ်၊ (၂) ဦးဆော်လိမ်၊ (၃) ဦးဘာဒူ နှင့် သရေကုန်တန်းမှ (၁) ဦးမာမတ်ရော်ဖိတ် နှင့် (၂) ဦးရှောမ်ရှု တို့ဖြစ်ကြသည်။
ရာအိမ်မှူး အသစ်များ ခန့်အပ်၍ ငွေညှစ်ခဲ့သည့် အုပ်ချုပ်ရေးမှူးသစ် ဦးအောင်နိုင်သည် နေအိမ်များ တစ်စိတ်တစ်ပိုင်း ပြုပြင်ခဲ့သည့် မိသားစု (၁၂) စု ထံမှလည်း ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။