ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ရိုဟင်ဂျာရွာအနီးတွင် ရခိုင်ရွာသားများက မိုင်းထောင်ထားသည်ကို တွေ့ရှိသဖြင့် တူးဖော်၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်သို့ အပ်နှံခဲ့သည်။
ဧပြီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် ကျောက်တော်မြို့နယ် ရှမ်းရွာမှ ရခိုင်ရွာသားများက ဝကင်းရွာအနီးရှိ လယ်ကွင်း၌ မိုင်းထောင်ထားသည်ကို ရိုဟင်ဂျာကလေးများက တွေ့ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို အကြောင်းကြားခဲ့သည်။
မိုင်းထောင်ထားသည့်နေရာတွင် မိုင်းတစ်လုံးနှင့် အတူ Andriod OS သုံး ဖုန်းတစ်လုံး တွေ့ရှိခဲ့ပြီး၊ ရိုဟင်ဂျာရွာသားများက မိုင်းကို တူးဖော်၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို အပ်နှံရန် ပြင်ဆင်နေစဉ် ရှမ်းရွာမှ ရခိုင်ရွာသားများက သိရှိသွားပြီး တုတ်၊ ဓါးများ ကိုင်ဆောင်၍ အုပ်စုဖွဲ့ပြီး ရိုဟင်ဂျာများကို တိုက်ခိုက်ရန် ရောက်ရှိလာခဲ့သည်။ အခြေအနေ တင်းမာခဲ့ပြီး ရိုဟင်ဂျာများကလည်း တိုက်ခိုက်လာလျှင် ခုခံရန် အသင့်ဖြစ်နေစဉ် ကျောက်တော် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဝကင်းကျေးရွာအနီး လုံခြုံရေးတာဝန်ယူထားသည့် စစ်သားများ ရောက်ရှိလာကြောင့် အခြေအနေ တည်ငြိမ်သွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
တူးဖော်ရရှိထားသည့် မိုင်းနှင့် ဖုန်းကို ရဲနှင့် စစ်သားများက စစ်ဆေးပြီးနောက် ဖုန်းကို စစ်သားများက ယူဆောင်သွားပြီး၊ မိုင်းကို ရဲတပ်ဖွဲ့ဝင်များ၏ လက်ထဲသို့ အပ်နှံခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ရခိုင်များကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု ဆိုကာ ရိုဟင်ဂျာရွာသား (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မိုင်းထောင်ခဲ့သည့် ရှမ်းရွာမှ ရခိုင်ရွာသားများကို မည်သို့မျှ အရေးယူခြင်း မပြုလုပ်ခဲ့ပေ။
ဖမ်းဆီးခဲ့ရသည့် ရိုဟင်ဂျာရွာသား (၃) ဦးမှာ -- ဝကင်းကျေးရွာမှ ကျော်ကျော်နှင့် အီဆုပ်၊ နေပူခံရွာမှ ကျော်အေး တို့ဖြစ်ကြပြီး၊ ၎င်းတို့ (၃) ဦးကို မြို့မရဲစခန်းတွင် တစ်ရက် ချုပ်နှောင်ထားပြီး ယနေ့ ဧပြီလ (၂၆) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။
“မိုင်းထောင်တဲ့ လူတွေကို ဘာမှ မလုပ်ဘူး။ မဆိုင်တဲ့လူတွေကို ဖမ်းသွားတယ်။ တာဝန်သိတတ်မှုကိုတောင် အသိအမှတ် မပြုဘူး။ အပြစ်မဲ့ ရွာသား ၃ ယောက်ကို တစ်ရက်ကြာ ချုပ်ထားပြီးမှ ပြန်လွှတ်တယ်။ ငွေဘယ်လောက် ညှစ်လိုက်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝကင်းကျေးရွာအနီး လုံခြုံရေးတာဝန်ယူထားသည့် စစ်သားများသည် ဝကင်းကျေးရွာ အနောက်ဘက် လယ်ကွင်းမှ ဖြတ်သန်းသွားလာလေ့ရှိသဖြင့် စစ်သားများကို ထိရန် ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ ယင်းလယ်ကွင်းတွင် ရိုဟင်ဂျာကလေးများ ကျွဲ၊ နွား ကျောင်းလေ့ရှိသဖြင့် အပြစ်မဲ့ ကလေးများ မိုင်းထိမည်ကို စိုးရိမ်၍ မိုင်းကို တူးဖော်၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်သို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။