ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဝရကျွန်းကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီးက အောင်စာရင်းလာကြည့်သည့် ကျောင်းသား/သူများထံမှ ငွေညှစ်ခဲ့သည်။
ဧပြီလ (၂၁) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ တတိယတန်း၊ ပဉ္စမတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ နဝမတန်း ကျောင်းသား/သူများ၏ အတန်းတင် အောင်စာရင်းများကို ကြေညာခဲ့သည်။ အောင်စာရင်းကို ကျောင်းသား/သူများ အလွယ်တကူ ကြည့်ရှုနိုင်ရန် ကျောင်း၏ နေရာတစ်နေရာတွင် ကပ်ပေးလေ့ရှိသော်လည်း ဝရကျွန်းကျေးရွာအုပ်စု မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမာမတ်အာမီးန် က အောင်စာရင်းများကို ကျောင်းတွင် အများမြင်သာအောင် ကပ်ပေးခြင်း မပြုလုပ်ဘဲ အောင်စာရင်းများကို လက်ဖြင့်ကိုင်ထားပြီး ကျောင်းထဲတွင် ထိုင်နေခဲ့သည်။
ကျောင်းအုပ်ကြီး ဦးမာမတ်အာမီးန်က အောင်စာရင်းကြည့်ရန် ရောက်ရှိလာသည့် ကျောင်းသား/သူများ၏ ဆင်းရဲ ချမ်းသာ အဆင့်အတန်းကို ကြည့်၍ ငွေကြေးတတ်နိုင်သည့် ကျောင်းသား/သူ များထံမှ ငွေကျပ် ၅၀၀၀၊ ငွေကြေး အသင့်အတင့် တတ်နိုင်သူများထံမှ ၃၀၀၀၊ ၂၀၀၀ တောင်းခံခဲ့သည်။ အလွန်ဆင်းရဲသည့် ကျောင်းသား/သူ များထံမှ အနိမ့်ဆုံး အဆင့် အချိုရည်တစ်ဗူး တောင်းခံခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။
“ငွေမပေးတဲ့ ကျောင်းသား/သူ တွေကို အောင်စာရင်း ကြည့်ခွင့် မပေးဘူး။ အဲဒီနေ့က ငွေပေးနိုင်တဲ့ ကျောင်းသား/သူ အချို့သာ အောင်စာရင်း ကြည့်ခွင့်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အလားတူ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီးကလည်း အောင်စာရင်းများကို ကျောင်းတွင် ကပ်မပေးဘဲ ကျောင်းဂိတ်ဝတွင် အောင်စာရင်း စာရွက်များကို ကိုင်၍ ထိုင်နေပြီး ကျောင်းသား/သူ များ၏ အမည်များကို မေး၍ အောင်/ကျရှုံး ပြောခဲ့သည်။ ကျောင်းသား/သူများနှင့် မိဘများကို ကြည့်ခွင့်မပေးခဲ့ပေ။
ဘူးသီးတောင်မြို့နယ်၊ ဝရကျွန်းကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမာမတ်အာမီးန် သည် လေးမြို့ကျေးရွာအုပ်စု၊ ချင်းပေါက်ကျေးရွာ ဇာတိဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ဝရကျွန်း ကျောင်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ ၎င်းရောက်ရှိလာပြီးနောက် ကျောင်းသား/သူ လျှော့ချလိုက်သည့်အပြင် အောင်ချက်လည်း အလွန်ကျဆင်းနေသည်ဟု ဒေသခံများက ဆိုသည်။
ကျောင်းအုပ်ကြီးက စာသင်ကြားရေးကို ဂရုမစိုက်ဘဲ၊ မကြာခဏ အကြောင်းအမျိုးမျိုး ဖန်တီး၍ ကျောင်းသား/သူ များထံမှ ငွေတောင်းခံခြင်း၊ ကျောင်းသား/သူများကို စာအုပ်များ မပေးဘဲ အပြင်သို့ ရောင်းစားခြင်း၊ ကျောင်းခေါ်ကြိမ် မပြည့်သဖြင့် စာမေးပွဲဖြေဆိုခွင့် မရှိဟု လုပ်ကြံ၍ ငွေတောင်းခံခြင်း၊ စာမေးပွဲ ဖြေဆိုပြီးသည့် အချိန်တွင်လည်း စာမေးပွဲတွင် ကောင်းမွန်စွာ ဖြေဆိုထားခြင်း မရှိသဖြင့် စာမေးပွဲအောင်ရန် အတွက် ငွေပေးရမည်ဟု ဆိုကာ ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ တောင်းခံခြင်း စသည်ဖြင့် အမြဲလိုလို ငွေညှစ်လေ့ရှိသည်။
ယင်းကျောင်းရှိ အစိုးရခန့် ဆရာ/မများသည် အလုပ်ခွင်သို့လာရောက်ခြင်း မပြုလုပ်ဘဲ လစဉ် လစာထုတ်ယူပြီး ရွာခန့်ဆရာများအတွက်ဟု ဆိုကာ ကျောင်းအုပ်ကြီးအား ငွေကျပ် ငါးသောင်းစီ ပေးကြသည်။ ကျောင်းအုပ်ကြီးက ဆရာ/မ များက ရွာခန့်ဆရာများအတွက် ပေးသည့် ငွေများကို အလွဲသုံးစား ပြုလုပ်ပြီး၊ ရွာခန့် ဆရာများအတွက် ရွာမှ ငွေကောက်ခံ၍ လစာပေးသည်။