မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ပွင့်ဖြူချောင်းကျေးရွာအုပ်စု၊ မညောင်းတောင်ကျေးရွာတွင် ရိုဟင်ဂျာနေအိမ် ၁၇ လုံး မီးလောင်သွားသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်းကျေးရွာအပ်စု မညောင်းတောင်ကျေးရွာတွင် လူအနည်းငယ်သာ ကျန်ရှိနေသည်။ အများစုသည် ၂၀၁၇ သြဂုတ်လ လကုန်ပိုင်းတွင် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည်။ မညောင်းတောင်သည် တောတောင်ထဲတွင် တည်ရှိသည့် ရွာဖြစ်သည်။
လမ်းများမှာ တောတောင်ကြားလမ်းများ ဖြစ်ပြီး၊ လူများ သွားလာမှု အလွန်နည်းပါးနေသဖြင့် လမ်းတွင် မြက်ခင်းများ ပေါက်ပြီး စိမ်းစိုနေသဖြင့် မြွှေနှင့် ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်ရန် လမ်းသွားလမ်းလာ အချို့က လမ်းပေါ်မှ မြက်ခင်းများကို မီးရှို့ခဲ့သည်။ မြက်ခင်းများ မီးလောင်နေစဉ် လေတိုက်ခတ်ခဲ့သဖြင့် မီးအားပြင်းလာပြီး အနီးအနားမှ နေအိမ် ၅ လုံး မီးလောင်သွားခဲ့သည်။ မီးလောင်သွားသည့် အိမ် ၅ လုံးအနက် ၂ လုံးမှာ လူမနေတော့သည့် အိမ်အလွတ်များ ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။
လူနေသည့် အိမ် ၃ လုံးမှာ ဟာဖီးဇ်ဇော်ကော်ရီယာ၊ ဟာဖီးဇ်အာဘူတာလဲခ်နှင့် ဦးလာလ်မျာ တို့၏ နေအိမ်များဖြစ်ပြီး ၎င်းတို့သည် မီးလောင်ပြင်တွင် တဲထိုး၍ နေထိုင်နေကြသည်။ ဆင်းရဲနွမ်းပါးသူများ ဖြစ်သဖြင့် အခက်အခဲများ ကြုံတွေ့နေသည်ဟု ဒေသခံများက ဆိုသည်။ အာဏာပိုင်အဖွဲ့အစည်းများက လာရောက် ကူညီပေးခြင်း မရှိဟု သိရသည်။
ယင်းရွာတွင်ပင် ဧပြီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံ၍ မီးလောင်မှု ဖြစ်ပွားပြီး လူမနေတော့သည့် အိမ်အလွတ် (၁၂) လုံး မီးလောင်သွားခဲ့သည်။ ယင်းမီးလောင်မှုသည်လည်း လမ်းဘေးမှ မြက်ခင်းများကို မီးရှို့ရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။