အစိုးရတပ်မတော်နှင့် AA တို့ တိုက်ပွဲတွင် ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကျည်ဆံထိမှန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကျည်ဆံထိမှန်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စံဂိုးတောင်ကျေးရွာအုပ်စု၊ ဥယျာဉ်သာကျေးရွာတွင် ဧပြီလ (၂၁) ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် အစိုးရတပ်မတော်နှင့် AA တို့အကြား အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှ ကျည်ဆံများသည် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ ကျရောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ဒေါ်ဆေနိုဝါရာဘေဂမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၃၀ နှစ် ဝန်းကျင်) ဖြစ်ပြီး၊ ၎င်းကို မိသားစုဝင်များက ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ ၎င်းအတွက် အရေးတကြီး သွေးလိုအပ်နေသည်ဟု သိရသည်။ 

ထိမှန်သည့် ကျည်ဆံမှာ မည်သည့်အဖွဲ့က ကျည်ဆံဖြစ်သည်ကို မသိရဟု ဒေသခံများက ဆိုသည်။ ကျည်ဆံများ ဆက်တိုက်ကျရောက်ခြင်းကြောင့် ရွာသားအများအပြား အိုးအိမ်စွန့်ခွာ၍ ရှောင်နေခဲ့ရသည်။ 

နေ့လည်ပိုင်းတွင် စံဂိုးတောင်ကျေးရွာအုပ်စု စာကျက်တောင် ၃၁ ပုံ စေတီ တောင်ဖက် တံတားအနီးတွင် စစ်သားနှစ်ဦး မိုင်းထိ၍ သေဆုံးပြီးနောက် စစ်သားများသည် AA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဥယျာဉ်သာရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ