ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိုဟင်ဂျာအိမ်တစ်လုံး မီးလောင်ပြီး၊ ရွာသားတစ်ဦး ကျည်ဆံထိမှန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာတွင် ဧပြီလ (၁၉) ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ နာရီခန့်ထိ အစိုးရတပ်မတော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဆင်သေပြင်ကျေးရွာရှိ ရိုဟင်ဂျာအိမ်တစ်လုံး ခေါင်မိုးတွင် လက်နက်ကြီး ကျရောက်ပြီး အိမ်တစ်ဝက်ခန့် မီးလောင်သွားခဲ့သည်။
နေ့လည် ၂ နာရီခန့်တွင် စံဂိုးတောင်ကျေးရွာအုပ်စု နွားရုံတောင်ကျေးရွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုစဉ် ချောင်း၌ ပိုက်ချ၍ ငါးဖမ်းနေသည့် ကျောက်ရန် ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ရွာမှ မာမတ်ကာဆိမ်း (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၅ နှစ်) ၏ ဗယ်လက်ကို ကျည်ဆံတစ်တောင့် ထိမှန်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ညနေ ၅ နာရီခန့်တွင် မာမတ်ကာဆိမ်းကို ဘူးသီးတောင် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဧပြီလ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် အစိုးတပ်မတော်မှ စစ်သား အင်အား ၅၀၀ ခန့်သည် ကျောက်ရန်ကျေးရွာအုပ်စုသို့ သွားရောက်၍ ရွာ၏ အရှေ့ဘက်တွင် ကပ်လျက်ရှိသည့် တောင်ကုန်း၏ မြောက်ဖက်မှ ဝင်၍ သေနတ်ပစ်ဖောက်ကာ တောင်ပိုင်းအထိ သွားခဲ့သည်။ ယင်းတောင်ကုန်းတွင် ညအိပ်ခဲ့ပြီး၊ ဧပြီလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် စံဂိုးတောင်ကျေးရွာဘက်သို့ ကူးသွားပြီးနောက် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အစိုးရတပ်မတော်နှင့် AA တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။