ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စိုင်းဒင်တွင် ကျန်ရစ်ခဲ့သည့် ဝါး၊ သစ်များ သယ်ယူရန် သွားရောက်သည့် ရိုဟင်ဂျာ လူငယ်တစ်ဦး မိုင်းထိ၍ သေဆုံးခဲ့သည်။
စိုင်းဒင်တွင် ဝါး၊ သစ်များ စုစည်းပြီး သယ်ယူရန် ဖောင်ဖွဲ့နေသည့် လူအုပ်ကို ဧပြီလ (၃) ရက်နေ့က မြန်မာ့တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူအချို့သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ် နောက်ပိုင်းတွင် တပ်ရင်း ၅၅၁ နှင့် တပ်မ တို့က စိုင်းဒင်သို့ မသွားရန်နှင့် စိုင်းဒင်ချောင်းမှ လှေ၊ စက်တပ်လှေ စသည်တို့ကို ဖယ်ရှားပစ်ရန် အမိန့်ပေးခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်မှ စိုင်းဒင်သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ပေ။
သရက်ပြင်ကျေးရွာမှ မောင်သိန်းထွန်း (ဘ) ဦးမောင်ဘူး က အလုပ်သမား အချို့ဖြင့် စိုင်းဒင်တွင် ရိုဟင်ဂျာများ ကျန်ရစ်ခဲ့သည့် ဝါး၊ သစ်များကို ဧပြီလ (၉) ရက်နေ့မှ (၁၂) ရက်နေ့ထိ စိတ်တိုင်းကျ သယ်ယူသွားပြီး ကျန်ရစ်နေသည့် ဝါး၊ သစ် တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ရိုဟင်ဂျာ ဝါး လုပ်ငန်းရှင်များက မြန်မာ့တပ်မတော် တပ်မမှ ခွင့်ပြုချက်ရယူပြီး အလုပ်သမား ၄၀ ဦးဖြင့် ကျန်ရစ်နေသည့် ဝါး၊ သစ်များကို သယ်ယူရန် ဧပြီလ (၁၈) ရက်နေ့တွင် သွားရောက်နေစဉ် စိုင်းဒင်ချောင်း အထက်ပိုင်း တောင်အနီးတွင် အလုပ်သမား လူငယ်တစ်ဦး မိုင်းထိ၍ သေဆုံးသွားခဲ့သည်။
မိုင်းထိ၍ သေဆုံးသူမှာ သရက်ပြင်ကျေးရွာအုပ်စု၊ ရှားကဲရ်ရွာမှ မိုဟာမတ်ရော်ဖိတ် (ဘ) ဦးရှော်ဖီ (အသက် ၂၀ နှစ်) ဖြစ်သည်။ ၎င်း သေဆုံးသွားသည်ကို မိသားစုဝင်များက သတင်းရရှိပြီးနောက် လိုက်သွားပြီး ရုပ်အလောင်းကို သယ်ယူလာစဉ် စိုင်းဒင်ချောင်း ကမ်းနားရှိ မြို့မချောင်း ရခိုင်ရွာကို ဖြတ်သန်းလာသောအခါ ရခိုင်ရွာသားများက လေးခွများဖြင့် ပစ်သဖြင့် ရုပ်အလောင်း သယ်ယူလာသူ အချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။
ရုပ်အလောင်းကို သယ်ယူလာစဉ် အလုပ်သမားများ အားလုံးလည်း ပြန်လာခဲ့သည်။ ပေါက်ကွဲခဲ့သည့် မိုင်းကို မည်သူမည်ဝါက ထောင်ထားသည်ကို ဒေသခံများက မသိရှိဟု ဆိုသည်။ အစိုးရ တပ်မတော်က ထောင်ထားသည့် မိုင်းလည်း ဖြစ်နိုင်သလို၊ AA က ထောင်ထားသည့် မိုင်းလည်း ဖြစ်နိုင်သည်။ အများစုက အစိုးရ တပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ထိရန်အတွက် AA က ထောင်ထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။