ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက် အကွက် (၁) မှ ရာအိမ်မှူး ဦးဟာမီဒူလ္လာ နှင့် အကွက် (၂) မှ ရာအိမ်မှူး ဦးအာလောမ် တို့သည် ရပ်ကွက်သူ/သား များထံမှ မတရားသဖြင့် ငွေညှစ်ခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) နှင့် (၂) တို့မှ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးဟာမီဒူလ္လာနှင့် ဦးအာလောမ် တို့သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်စိုးနိုင် ၏ အမာခံ တပည့်များ ဖြစ်ကြသဖြင့် အုပ်ချုပ်ရေးမှူးက ၎င်းတို့ နှစ်ဦးကို ငွေရှာနိုင်ရန် အခွင့်အလမ်းများ ပေးထားသည်။
ရပ်ကွက်အတွင်း နေထိုင်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ ထောက်ခံချက်တစ်ခုခု ရယူလိုလျှင် တိုက်ရိုက် ရယူနိုင်ခြင်း မရှိဘဲ၊ ရာအိမ်မှူးနှစ်ဦးထံမှ တဆင့် ရယူရသည်။ ရာအိမ်မှူးနှစ်ဦးစလုံးက ငွေအဆမတန် တောင်းခံသော်လည်း အရေးတကြီး လိုအပ်သူများက ရာအိမ်မှူးများ တောင်းခံသည့်အတိုင်း ငွေပေး၍ ရယူရသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ လက်ထပ်ခွင့် ရယူလျှင် ၁၅၀၀၀ ကျပ်မှ ၂၅၀၀၀ ထိ ပေးရသည်။ သို့သော် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ လက်ထပ်ခွင့် ခွင့်ပြုစာ တစ်စောင် ရယူလိုလျှင် ငွေကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ) မှ ၁၇၀၀၀၀ (တစ်သိန်းခုနှစ်သောင်း) ထိ ပေးရသည်။ ထိုသို့ ငွေကြေး အဆမတန် ပေးပြီးလျှင်လည်း ချက်ချင်း ထုတ်မပေးဘဲ နှစ်ပတ်မှ တစ်လအထိ ကြန့်ကြာလေ့ရှိသည်။ လက်ထပ်ခွင့် လျှောက်ထားလျှင် ရာအိမ်မှူးနှစ်ဦးထံ အကြိမ်ကြိမ် သွားရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။
ယခုနှစ် မတ်လ လဆန်းပိုင်းမှ ယနေ့ထိ အမှတ် (၅) ရပ်ကွက်တွင် ဦးမောင်ခင်၏ သမီး၊ ဦးဂုန်နီးရှား၏ သမီး၊ ဦးတော်ယုဖ်၏ သမီး တို့အပါအဝင် ၂၀ ဦး ကို လက်ထပ်ခွင့် ထုတ်ပေးခဲ့ပြီး၊ ဖော်ပြပါ (၃) ဦးထံမှ ငွေကျပ် ၁၆၀၀၀၀ (တစ်သိန်းခြောက်သောင်း) စီနှင့် ကျန်သည့် ၁၇ ဦးထံမှ ငွေကျပ် ၁၅၀၀၀၀ မှ ၁၇၀၀၀၀ ထိ ညှစ်ယူခဲ့သည်။ အများစုမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သော်လည်း လက်ထပ်ခွင့် ရရှိရေးအတွက် ခက်ခက်ခဲခဲ ပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
ရိုဟင်ဂျာအများစုသည် ၎င်းတို့ မွေးဖွားသည့် ကလေးများကို နှစ်စဉ် ဆွဲ၊တင်၊စစ် ၌ အိမ်ထောင်စု လူဦးရေစာရင်းသို့ တင်ရသည်။ အမှတ် (၅) ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦးက မွေးထားသည့် ကလေးများကို ယခုပင် အိမ်ထောင်စုစာရင်းသို့ တင်ထားရန်၊ ဆွဲ၊တင်၊စစ် ၌ တင်လျှင် အခက်အခဲ ကြုံရမည်၊ လာမည့်နှစ် ဆွဲ၊တင်၊စစ် တွင် ကလေး အသက် ၆ လ ကျော်သွားပါက တင်ပေးမှာ မဟုတ်ကြောင်း၊ အကယ်၍ တင်ပေးလျှင်လည်း ငွေကြေး အမြောက်အမြား ကုန်ကျမည်ဟု ရွာသားများကို ပြောဆို၍ စည်းရုံးလျက်ရှိသည်။ အချို့သော ဒေသခံများက ၎င်းတို့၏ စကားကို ယုံကြည်ကာ ကလေးမွေးတိုး တင်ရန်အတွက် ၎င်းတို့ကို အပ်နှံလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မ.က.ဖ အတွက်ဟု ဆို၍ ငွေကျပ် ငါးသောင်းမှ ခုနှစ်သောင်းထိ ယူသည်။ ကလေးမွေးတိုးများအတွက် ငွေများ ယူထားသော်လည်း ယခုအချိန်ထိ တစ်ဦးတစ်ယောက်ကိုမှ အိမ်ထောင်စုစာရင်းထဲသို့ တင်ပေးနိုင်ခြင်း မရှိသေးဟု ဒေသခံများက ပြောပါသည်။
“ရာအိမ်မှူး ဟာမီဒူလ္လာ က မတ်လ လဆန်းပိုင်းမှာ ဦးဆုလ်တာန် ကို ကလေးမွေးတိုး တင်ပေးမယ်ဆိုပြီး ငွေ ၇ သောင်းနဲ့ အိမ်ထောင်စုစာရင်း ယူတယ်။ ငွေယူပြီး ဘာအလုပ်မှ မလုပ်တော့ ဦးဆုလ်တာန် က အိမ်ထောင်စုစာရင်း ပြန်တောင်းတယ်။ အဲဒါကို အိမ်ထောင်စုစာရင်း ပြန်မပေးဘဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ငွေညှစ်တာ အခုဆိုရင် ၃ သိန်း ပြည့်သွားပြီ။ အဲဒါလည်း ကလေးက အိမ်ထောင်စုစာရင်းထဲ အခုထိ တက်မလာဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ငွေညှစ်ခြင်းများ အပြင် ရာအိမ်မှူးနှစ်ဦးသည် စ.ရ.ဖ နှင့် ရဲများကို မဟုတ်မမှန် သတင်းပေးပြီး ရပ်ကွက်သူ/သားများထံမှ ငွေညှစ်လေ့ရှိသည်။ အခြားရွာများမှ အမှတ် (၅) ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်သူများထံမှ မကြာခဏ ငွေတောင်းခံလေ့ရှိသည်။ ငွေပေးရန် ငြင်းဆန်ပါက ဤရပ်ကွက်တွင် မနေနိုင်အောင် လုပ်မည်ဟု ပြောဆို ခြိမ်းခြောက်လေ့ရှိသည်။
ရာအိမ်မှူး ဦးဟာမီဒူလ္လာ သည် မတ်လ (၁၇) ရက်နေ့တွင် အာနိုဝါရ်ကိုင်ဆဲရ် ဆိုသည့် လူငယ်ကို အင်တာနက်ပေါ်တွင် သတင်းတင်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ထိုးကြိတ်ခဲ့သည်။ ယခုလ လဆန်းပိုင်းတွင် မာမတ်အာလောမ် ဆိုသူကိုလည်း အင်တာနက်ပေါ်တွင် သတင်းတင်နေသည်ဟု မတရားစွပ်စွဲ၍ ရဲစခန်းနှင့် စ.ရ.ဖ သို့ တိုင်တန်း၍ စစ်ဆေးစေခဲ့သည်။ စ.ရ.ဖ က မာမတ်အာလောမ် ကို စစ်ဆေးပြီး အပြစ်မရှိသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။
မတ်လ (၁၅) ရက်နေ့တွင် အကွက် (၂) မှ ဘဏ် ဆိုသူသည် လက်ဝဲဒက်ပြင်ကျယ်မှ သူငယ်ချင်း ဇူဘိုင်ရ် ထံ အလည်အပတ် ရောက်နေစဉ် ရာအိမ်မှူး ဦးအာလောမ် က WY နှစ်ပြား ယူသွားပြီး၊ လူငယ်နှစ်ဦးထံမှ WY မိသည်ဟု လုပ်ကြံ ခြိမ်းခြောက်၍ အိမ်ရှင်နှင့် ဧည့်သည် နှစ်ဦး စလုံးထံမှ ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့သည်။
ရာအိမ်မှူးနှစ်ဦးသည် ဒေါ်ဂုလ်ဘာရ် ၏ သမီးတစ်ဦး ချစ်သူနှင့် ခိုးရာလိုက်သွားသည်ကို သမီးဖြစ်သူကို မလေးရှားသို့ ပို့လိုက်သည်ဟု လုပ်ကြံ၍ စ.ရ.ဖ၊ ရဲများ၏ အမည်များ သုံး၍ ဒေါ်ဂုလ်ဘာရ်ကို ခြိမ်းခြောက်သဖြင့် လက်ဝတ်ရတနာများ ရောင်းချ၍ ငွေပေးခဲ့ရသည်။
လိုင်စင်ရ သောင်းကျန်းသူများ ပမာ သောင်းကျန်းနေသည့် ရာအိမ်မှူးနှစ်ဦး၏ ငွေညှစ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်မီ အရေးယူခြင်းဖြင့် ရပ်တန့်မပေးပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည့် အခြေအနေ ရှိသောကြောင့် ရပ်ရွာ အေးချမ်းစေရန် အတွက် အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။