ဘူးသီးတောင် ဦးလှဖေရွာ၌ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ရိုဟင်ဂျာများ၏ ဆိုင်နှင့် အိမ်များမှ ပစ္စည်းများနှင့်ငွေများ လုယက်
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ဝင်ရောက်၍ ဒေသခံရိုဟင်ဂျာများ၏ ဆိုင်နှင့် နေအိမ်များမှ ပစ္စည်းများနှင့် ငွေများလုယက်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် တပ်ရင်း ၅၅၁ မှ စစ်သားများနှင့် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ အင်အား ၅၀ ကျော် ပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်း ဦးလှဖေကျေးရွာအုပ်စုသို့ ရွာ၏ အရှေ့တောင်ဘက်မှ ဝင်လာခဲ့သည်။ ရွာ၏ အရှေ့တောင်ဘက်တွင် တောင်ကုန်းများရှိပြီး၊ ယင်းတောင်ကုန်းများရှိ နေအိမ်များကို စစ်ဆေးခဲ့သည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေအိမ်များကို စစ်ဆေးစဉ် နေအိမ်များတွင် မွေးမြူထားသည့် ကြက်၊ ဘဲများကို လုယက်သည့်အပြင် ဖုန်းနှင့် ငွေများလုယက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးအာရီဟူစိန်း (ဘ) ဦးဇာဖောရ်အုလ္လာ ၏ နေအိမ်ထဲသို့ ဝင်ရောက်၍ စစ်ဆေးစဉ် ဦးအာရီဟူစိန်း၏ အင်္ကျ ီအိတ်ထဲတွင် ရှိနေသည့် ငွေကျပ် ၁၀၃၀၀၀ ကျပ်ကို လုယူခဲ့သည့်အပြင် ၎င်းကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ အချိန်အနည်းငယ်အကြာတွင် ကြက်ဖတစ်ကောင် ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ဦးလာလားယား၏ နေအိမ်မှ ရိုးရိုးဖုန်းတစ်လုံးနှင့် စမတ်ဖုန်းတစ်လုံး လုယက်ခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရွာထဲသို့ ရောက်ရှိနေသည်ကို မသိဘဲ မနက်မိုးလင်းသည်နှင့် အလုပ်ခွင်သို့ သွားရန် နေအိမ်များမှ ထွက်လာသူများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက လမ်းပေါ်တွင် ရိုက်နှက်သည့်အပြင် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လူတစ်ဦးလျှင် ကြက်ဖတစ်ကောင်နှုန်း ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

နံနက် ၇ နာရီကျော် အချိန်တွင် ဦးဆီရာဇူလ္လာ (ဘ) ဦးဖောဆူမျာ က ၎င်း၏ ဆိုင်ကို ဖွင့်နေစဉ် စစ်သားများနှင့် နယ်ခြားစောင့်ရဲများကို တွေ့၍ ကြောက်ရွံ့ြ့ပီး ထွက်ပြေးသွားခဲ့သည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ၎င်း၏ ဆိုင်ထဲသို့ ဝင်၍ အချိုရည်ဗူးများ၊ မုန့်ထုပ်များ၊ ဖုန်းငွေဖြည့်ကဒ်များ ကာလတန်ဖိုး ၅၀၀၀၀/- ကျပ်ကျော်ဖိုးရှိ ပစ္စည်းများနှင့် ငွေသား ၇၀၀၀၀/- ကျော် လုယက်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ရွာထဲသို့ ဝင်ရောက်၍ တွေ့သမျှ ရွာသားများကို ဖမ်းဆီး ထောင်ချခဲ့ခြင်းကြောင့် ဦးဆီရာဇူလ္လာ က စစ်သားများနှင့် နယ်ခြားစောင့်ရဲများကို တွေ့ရှိပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ 

စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် ဦးဘော်ရှော် (ဘ) ဦးကာလာမျာ (အသက် ၃၉ နှစ်) ထံမှ ကြက်တစ်ကောင်၊ ဦးဟာလာမျာ (ဘ) ဦးရှုနာမျာ ထံမှ ကြက်တစ်ကောင်၊ ဦးဖူရ်ကာန် (ဘ) ဦးရှုနာမျာ ထံမှ ကြက်တစ်ကောင်၊ ဦးဟိုရ်ရုလ်ဘော်ရှော် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၀ နှစ်) ထံမှ ကြက်တစ်ကောင်၊ ဦးအမ်တီယာစ် (ဘ) မော်လဝီဆော်လိမ် ထံမှဘဲတစ်ကောင်နှင့် ဦးအာယာတုလ္လာ (ဘ) ဦးအာဘူတော်ယုပ် (အသက် ၃၂ နှစ်) ထံမှ ကြက်တစ်ကောင် လုယက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ