အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးလျက်ရှိပြီး ချီကာဂိုမြို့မှာ အများဆုံးဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်များနဲ့ ၂၀၀၀ ခုနှစ်များမှာ မြန်မာနိုင်ငံတွင်းက ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေမှ ရှောင်ပြေးပြီး မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် ချီကာဂိုမြို့မှာ ရိုဟင်ဂျာ ၁၆၀၀ ကျော် အခြေချနေထိုင်လျက်ရှိပါတယ်။
ရိုဟင်ဂျာတွေက များသောအားဖြင့် မွတ်စလင်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကို ခံလာနေရတဲ့ လူနည်းစုတစ်စု ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ရောက်ရှိလာသူတွေလို့ ထင်မြင်ယူဆတယ်။
"ရိုဟင်ဂျာ ယဉ်ကျေးမှုဆိုင်ရာစင်တာ" ကို ၂၀၁၃ ခုနှစ်က အမေရိကားမှာ ပြန်လည်နေရာချထားခွင့်ရခဲ့တဲ့ ဦးနာဆဲရ်ဇကရီယာ က ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
အဲဒီစင်တာမှာ အင်္ဂလိပ်စာနဲ့ ကျမ်းမြတ်ကုရ်အာန် ပို့ချတဲ့ အတန်းတွေ ဖွင့်ပေးထားတယ်။ ပြီးတော့ ကွန်ပျူတာသင်တန်း၊ ဘာသာပြန်ဝန်ဆောင်မှုနဲ့ ပြန်လည်နေရာချထားခွင့်ရဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အထောက်အကူပြုတာတွေ လုပ်ပေးပါတယ်။
လူငယ်တွေအတွက် ဘောလုံးအသင်းလည်း လုပ်ပေးထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ရိုဟင်ဂျာပြဿနာဟာ လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်က ၂၀၁၉ ခုနှစ်မှာ ဒုက္ခသည် ၃ သောင်းကိုသာ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်နေရာချထားပေးနိုင်မယ်ဆိုပြီး ကန့်သတ်ခဲ့ပါတယ်။ ဒါကတော့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ရေးဆွဲတဲ့ ၁၉၈၀ ခုနှစ်ကစပြီး အနိမ့်ဆုံး ဦးရေလည်း ဖြစ်ပါတယ်။
Al Jazeera တွင် ရေးသားဖော်ပြထားသည့် Rohingya refugees rebuilding their lives in Chicago ကို ရှားက ဆီလျော်အောင် ဘာသာပြန်သည်။