ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို လျှပ်တစ်ပြက်ကြည့်လိုက်ပါ။ အသက် ၂၀ နှစ်အရွယ် ဆိုက်ဒူလ်အာမီးန်နဲ့ သူ့ရဲ့ အစ်ကို နိုဘီဟူစိန်းတို့က မိသားစုဝင် ၁၄ ဦးရှိတဲ့ မိသားစုထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။
ဆိုက်ဒူလ်အာမီးန် ပြောတာကတော့ --
ကျွန်တော်တို့ ဒီကိုရောက်လာကြတာ တစ်နှစ်ကျော်သွားပါပြီ။ မြန်မာနိုင်ငံမှာတုန်းက ကျွန်တော့်အဖေက လယ်သမား၊ ကျွန်တော်က ကျောင်းတက်နေခဲ့တယ်။ အဲဒီတော့ ကျွန်တော် အဲဒီမှာ အလုပ်မလုပ်ခဲ့ဘူး။ ဒီမှာကျတော့ ကျွန်တော်တို့ လယ်စိုက်လို့မရဘူး။ အလုပ်လည်း မရနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို နိုဘီ တို့ ဒီပစ္စည်းတွေကို စပြီးရောင်းခဲ့ကြတယ်။
ကျွန်တော်တို့မှာ မိတ်ကပ်၊ ကစားစရာနဲ့ အခြား အလှကုန်ပစ္စည်းတွေ ရောင်းဖို့ပါတဲ့ တောင်းတွေရှိတယ်။ ဆောင်းရာသီရောက်နေတော့ လူတွေက များသောအားဖြင့် လိမ်းဆေးတွေ ဝယ်ကြတယ်။ အမျိုးသမီးတွေကတော့ အလှကုန်ပစ္စည်းတွေနဲ့ နားကပ်တွေ ဝယ်ချင်ကြတယ်။
ဒီမှာ ဘီစကွတ်တွေနဲ့ သရေစာတွေရောင်းတဲ့ ဆိုင်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ အဲဒါတွေ ရောင်းရင် ဘယ်သူ့မှ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ ဒီမှာတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ကျွန်တော်တို့ ရောင်းနေတဲ့ ပစ္စည်းတွေကို ဝယ်ဖို့ စိတ်ဝင်စားကြတယ်။ သူတို့က ကျွန်တော်တို့ကို မြင်တွေ့ရရင် ပျော်ရွှင်ကြတယ်။
ကျွန်တော်တို့ သူတို့အိမ်တွေထိ မလာဘူးဆိုရင် သူတို့ကတော့ ဈေးကို သွားပြီး ဝယ်ကြမှာပါ။ အဲဒါက အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတယ်။ ကျွန်တော်တို့က သူတို့ရဲ့ အိမ်တံခါးဝထိ လိုက်ရောင်းတော့ သူတို့အတွက် အန္တရာယ်လည်း မရှိဘူး။
ကျွန်တော်တို့မှာ မိသားစုဝင် ၁၄ ယောက်ရှိပြီး၊ ဆန်၊ ပဲ နဲ့ ဆီတွေကို ရိက္ခာအဖြစ် ရကြတယ်။ နေ့စဉ်နေ့တိုင်း ထမင်းနဲ့ပဲ စားဖို့ မလွယ်လှဘူး။ ကျွန်တော်တို့က အသား၊ ငါးနဲ့ အခြား ဟင်းသီးဟင်းရွက်တွေ စားချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီပစ္စည်းတွေကို ကမ့်တွေမှာ အိမ်တိုင်ရာရောက် လိုက်ရောင်းနေကြတာပါ။
တစ်ပတ်မှာ တာကာ ၁၀၀ (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) ရရင် ကျွန်တော်တို့ ထမင်းနဲ့ ပဲ စားမယ့်အစား အခြားတစ်ခုခု စားလို့ရတယ်။ ကျွန်တော်တို့ကတော့ တစ်ရက်ကို တာကာ ၁၀၀ နေ့စဉ် အမြတ်ရနေကြတယ်။ ဒီဝင်ငွေကတော့ ဘယ်သူ့မှ ဝင်ငွေမရှိတဲ့နေရာမှာ အများကြီးပါ။ ဒါပေမယ့် မိသားစုဝင် ၁၄ ယောက်ရှိတဲ့ ကျွန်တော်တို့ မိသားစုအတွက် ဘာမှ မပြောပလောက်ပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ၉ သိန်းကျော် တရားဝင် ခိုလှုံလျက်ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ၉၅% ကျော်ကို အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ များ ထောက်ပံ့ပေးလျက်ရှိသည်။
WFP မှ ရေးသားသည့် Voices from Cox’s Bazar: Saidul Amin ကို ရှား က ဆီလျော်အောင် ဘာသာပြန်သည်။