ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများသည် လွတ်လပ်စွာ သွားလာခွင့် မရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းမရှိဘဲ ရွာထဲတွင် ပိတ်လှောင်ခံထားရကာ စားဝတ်နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
ရသေ့တောင်မြို့နယ်တွင် ကျေးရွာအုပ်စု ၉၁ အုပ်စုရှိခဲ့ပြီး၊ အနောက်ပြင်ကျေးရွာအုပ်စုနှင့် အောက်နန်းရာကျေးရွာအုပ်စု အပါအဝင် ယခင်က ရိုဟင်ဂျာကျေးရွာ ၂၄ ရွာ ရှိခဲ့သည်။ ယင်းရွာများထဲမှ ၂၀၁၂ ခုနှစ် ဇွန်လ ဖြစ်စဉ် နောက်ပိုင်းတွင် ၅ ရွာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ် နောက်ပိုင်းတွင် ၁၆ ရွာ၊ စုစုပေါင်း ၂၁ ရွာ မီးရှို့ခံခဲ့ရသောကြောင့် ရိုဟင်ဂျာအများစု နေရပ်စွန့်ခွာ သွားခဲ့ရသည်။
ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနယ်မြေမှ ဆင်ခုန်းတိုင် ကျေးရွာအုပ်စုရှိ ဆင်ခုန်းတိုင်မွတ်စလင်ရွာ၊ အုတ်ဖိုကျေးရွာအုပ်စုရှိ ကံဆိပ်ရွာနှင့် ရက်ခုန်းတိုင်ကျေးရွာအုပ်စုရှိ အာကာတောင်ရွာ စသည့် ရိုဟင်ဂျာရွာ ၃ ရွာ ကျန်ရှိနေပြီး၊ လူဦးရေ ၅၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ရသေ့တောင်မြို့နယ် တောင်ပိုင်း ကူးတောင်နယ်မြေမှ အနောက်ပြင်ကျေးရွာအုပ်စုနှင့် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ညောင်ပင်ကြီး မွတ်စလင်ရွာ တို့တွင် လူဦးရေ ၄၅၀၀ ရှိမည်ဟု ခန့်မှန်းရပြီး၊ ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာ ၅ ရွာတွင် ရိုဟင်ဂျာလူဦးရေ တစ်သောင်းခန့် ကျန်ရှိတော့သည်ဟု ရွာသားများက ခန့်မှန်း ပြောဆိုကြသည်။
ရသေ့တောင်မြို့နယ်တွင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးများ အကြား အလွန်ကောင်းမွန်သည့် ပေါင်းသင်း ဆက်ဆံရေး ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်များနောက်ပိုင်းတွင် ရိုဟင်ဂျာရွာ ၂၁ ရွာ မီးရှို့ခံလိုက်ရသည့်အပြင် ကျန်သည့်ရွာများမှ ရိုဟင်ဂျာများကို မြို့ပေါ်တက်ခွင့် မပေးခြင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ ညအိပ်ခရီးသွားခွင့် မပြုခြင်း စသဖြင့် အသွားအလာ ပိတ်ပင်ထားပြီး ရွာများထဲတွင် ပိတ်လှောင်ထားသည်။
ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာအများစုသည် ၎င်းတို့ရွာနှင့် နီးကပ်နေသည့် ရခိုင်ရွာများ အပြင်ဘက်ရှိ ရခိုင်လူမျိုးများ ပိုင်ဆိုင်သည့် လယ်များတွင် လယ်ယာလုပ်ငန်းများကို နေ့စားများအဖြစ် လုပ်ကိုင်ကာ မိသားစုများအတွက် ဝမ်းစာရှာနေရသည်။
ယခုအခါ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေချိန်တွင် ရိုဟင်ဂျာများ အနေဖြင့် ရခိုင်ရွာများ အနီးသို့ မသွားရန် ဌာနဆိုင်ရာများက မှာကြားထားသဖြင့် အလုပ်လုပ်ရန် မသွားဝံ့တော့ဘဲ ဝမ်းစာရရေးအတွက် အလွန်ပင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
“ကျွန်တော်တို့ရဲ့ အိမ်တွေကို ရွာလုံးကျွတ် မီးရှို့လိုက်တော့ ရွာသားတွေ နေရပ်စွန့်ခွာသွားခဲ့ရတယ်။ အခုကျန်နေတဲ့ ရိုဟင်ဂျာတွေကိုလည်း ၂၀၁၂ ကနေစပြီး သွားလာခွင့် အားလုံး ပိတ်ပင်ထားတယ်။ အလုပ်အကိုင် အခွင့်အလမ်း လုံး၀ မရှိဘူး။ ဘေးပတ်ဝန်းကျင်က ရခိုင်လယ်သမားတွေဆီမှာ သွားပြီး အလုပ်လုပ်စားခဲ့တယ်။ အခု အဲဒီဘက်ကို မသွားရဘူးဆိုတော့ မသွားနိုင်တော့ဘူး။ ကံဆိုးချင်တော့ ICRC ကလည်း အရင်ကလို ရိက္ခာ လာမပေးဘူး။ ကျွန်တော်တို့ကို ပိတ်လှောင်ထားပြီး အငတ်ဘေးကြုံ သေအောင် လုပ်နေသလို ဖြစ်နေတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ အကုန်သေကုန်မှာဗျ” ဟု ပိတ်လှောင်ခံထားရသည့် ဒေသခံ ရိုဟင်ဂျာတစ်ဦးက Rohingya Today သို့ပြောပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ရသေ့တောင်မြို့ရှိ စားရေးသောက်ရေး ခက်ခဲနေသည့် ရိုဟင်ဂျာများကို ရိက္ခာ ဖြန့်ဝေပေးခဲ့ပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် ရသေ့တောင် မြောက်ဘက် ကျောက်တန်းနယ်မြေရှိ ရိုဟင်ဂျာရွာ ၃ ရွာရှိ လူဦးရေ ၅၅၀၀ ခန့်ကို ရိက္ခာဖြန့်ဝေပေးရန် ICRC အဖွဲ့ကို လွှဲအပ်ပေးခဲ့သည်။
ICRC အဖွဲ့က နောက်ဆုံးအကြိမ် ဖြန့်ဝေခဲ့သည့် လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖြန့်ဝေခဲ့သည့် အကြိမ်အပါအဝင် ၂ လတစ်ကြိမ်စီ ၅ ကြိမ်တိတိ ဖြန့်ဝေပေးခဲ့သည်။