ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့များတွင် အကျဉ်းထောင်ကြီးများရှိသည်။ ဤဆောင်းပါးတွင် ဘူးသီးတောင်မြို့ အကျဉ်းထောင်၌ ရိုဟင်ဂျာအကျဉ်းသားများ ကြုံတွေ့နေရသည့် အတိဒုက္ခများကို တင်ပြပါမည်။
ထောင်ဝင်စာတွေ့ခွင့်ပေးရန် ဥပဒေအရ ငွေကြေးကောက်ခံခွင့် မရှိသော်လည်း မောင်တောမြို့မှဖြစ်စေ၊ ဘူးသီးတောင်မြို့မှဖြစ်စေ မည်သူမဆို ထောင်ဝင်စာတွေ့ခွင့်ရရန်အတွက် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/- ထိ ပေးရသည်။ ထို့အပြင် အကျဉ်းသားများအတွက် ယူလာသည့် အစားအသောက်များကို ထောင်တွင်း တာဝန်ရှိသူများက ဝေစုခွဲတတ်သည်။
အခြားသော အကျဉ်းသားများနှင့် အတူ သံဇကာကြားမှ မဟုတ်ဘဲ ရုံးခန်းကဲ့သို့ အခန်းတစ်ခန်းတွင် မိနစ် (၃၀) ကြာ မျက်နှာချင်းဆိုင်ထိုင်၍ သီးသန့်တွေ့လိုလျှင် (ရှယ်တွေ့ဟုခေါ်) ငွေကျပ် ၅၀၀၀၀/- (ငါးသောင်း) ပေးရသည်။ ငါးသောင်းပေး၍ မိနစ် (၃၀) ကြာ ရှယ်တွေ့လျှင် အကျဉ်းသားတစ်ဦးကို မိသားစုဝင် အကန့်အသတ်မရှိ တွေ့ဆုံနိုင်သည်။
အကျဉ်းထောင်ထဲတွင် ရိုဟင်ဂျာလူမျိုးမှ အပ အခြားလူမျိုး အကျဉ်းသားများသည် ငွေကြေးပေးစရာမလိုဘဲ နေရန် နေရာကောင်းများ ရရှိသည်။ အလုပ်ကြမ်းလည်း လုပ်ရန် မလိုပေ။ ၎င်းတို့က ရိုဟင်ဂျာ အကျဉ်းသားများကို ဆဲဆိုခြင်း၊ စော်ကားခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပြဿနာများ မကြာခဏ ဖြစ်ပွားသည်။ ပြဿနာဖြစ်ပွားပါက ထောင်အာဏာပိုင်များက အခြားလူမျိုးများကို အထက်လူကြီး၏ အမိန့်အရ မျက်နှာလိုက်ရသည်ဟု ဆိုကာ ကျူးလွန်သူများကို အပြစ်ပေးခြင်း မရှိပေ။
ယခင်ကကဲ့သို့ ရိုက်နှက်မှုများ မရှိတော့ဟု သိရသော်လည်း စည်းကမ်းချိုးဖောက်ပါက ပြစ်ဒဏ်အဖြစ် ခြေကျင်းခတ်ခြင်း၊ မှောင်မိုက်နေသည့် အခန်းထဲသို့ ထည့်၍ ပိတ်လှောင်ထားခြင်း၊ လျှော့ရက်များကို ဖျက်သိမ်းခြင်းများ ပြုလုပ်သည်။
“ဘာယာ” ဟု ဆိုသည့် ညစဉ်ကင်းစောင့်ရန် အကျဉ်းသား (၅) ဦးပါ အဖွဲ့တစ်ဖွဲ့ သတ်မှတ်ထားပြီး၊ ၎င်းတို့ ညစဉ်ကင်းစောင့်ရသည်။ ကင်းစောင့်သည့်အတွက် လျှော့ရက် တိုးရကြသည်။
ရိုဟင်ဂျာအကျဉ်းသားများ ထံမှ ငွေညှစ်ချင်သည့် ထောင်မှူးသည် မနိုင်မနင်းဖြစ်မည့် အလုပ်ကြမ်းများစွာကို ခိုင်းပြီး ရှောင်ကျဉ်လိုလျှင် ငွေပေးရမည်ဟုဆိုကာ တစ်ဦးထံမှ ငွေကျပ် ၅၀၀၀၀/- (ငါးသောင်း) စီ ညှစ်သည်။ လက်ထောက် ကြီးကြပ်ရေးမှူး (သို့မဟုတ်) အဆောင်မှူးဆိုသူက ရိုဟင်ဂျာအကျဉ်းသားသစ်တစ်ဦး ရောက်လာလျှင် နေရာတစ်နေရာအတွက်ဟု ဆိုကာ ငွေကျပ် ၁၀၀၀၀/- (တစ်သောင်း) ညှစ်ယူ၍ နံရံနှင့် ကပ်လျက်ရှိသည့် နေရာတစ်နေရာ သတ်မှတ်ပေးသည်။
ရိုဟင်ဂျာအကျဉ်းသားများသည် တောင်ယာအလုပ် မြေတူးခြင်း၊ စိုက်ခင်းစိုက်ခြင်း၊ မိလ္လာရေလောင်းခြင်း၊ ရေကန်များမှ အဆောင်များရှိ ရေကန်များသို့ ရေခတ်ယူလာရခြင်း၊ ထင်းခုတ်ခြင်း၊ အိမ်သာသန့်ရှင်းရေး၊ ရေမြောင်းများ သန့်ရှင်းရေးများ ပြုလုပ်ရသည်။
အကျဉ်းထောင်အတွင်း အမျိုးသား အဆောင် ၄ ဆောင် ရှိသည်။ အဆောင်တိုင်းတွင် ငွေကြေးတတ်နိုင်သူများကို အလှူရှင်ဟု ခေါ်ဝေါ်လေ့ရှိပြီး၊ ၎င်းတို့က အဆောင်မှူးများကို ငွေကြေးပေးသဖြင့် ထမင်းယူရန်၊ ရေချိုးရန်၊ လူရေတွက်ရန် တန်းစီခြင်း စသည်တို့တွင် လိုက်နာရမည့်စည်းကမ်းများကို အခြားသော အကျဉ်းသားများနည်းတူ တင်းကျပ်စွာ လိုက်နာရန် မလိုအပ်ပေ။
အကျဉ်းသားများသည် နံနက် ၅ နာရီမှ ၆း၃၀ နာရီထိ နံနက်ပိုင်း အဆောင်ဖွင့်ချိန် လူရေတွက်ရန် တန်းစီခြင်း၊ ထို့နောက် အလုပ်ကြမ်းဆင်းခြင်း၊ ပြီးလျှင် နံနက် ၁၀ နာရီမှ ၁၀း၃၀ နာရီထိ ထမင်းထုတ်ယူရန် တန်းစီခြင်း၊ ၁၁း၁၅ နာရီမှ ၁၂း၀၀ နာရီထိ နေ့လည် အဆောင်ပိတ်ချိန် လူရေတွက်ရန် တန်းစီခြင်း၊ နေ့လည် ၂ နာရီတွင် အဆောင်ပြန်ဖွင့်ခြင်း၊ ၃း၃၀ နာရီအချိန်တွင် ထမင်းထုတ်ယူရန် တန်းစီခြင်း၊ ညနေ ၄ နာရီ အချိန်တွင် ရေချိုးရန် တန်းစီခြင်း၊ ညနေ ၅း၁၅ နာရီမှ ၆း၃၀ နာရီထိ အဆောင်ပိတ်ချိန် လူရေတွက်ရန် တန်းစီခြင်းများ ပြုလုပ်ရပြီး ၆း၃၀ နာရီ နောက်ပိုင်းတွင် အပြင်ထွက်ခွင့် မရှိတော့ဘဲ တီဗွီကြည့်သူများ ကြည့်ပြီး ည ၉ နာရီအချိန်တွင် အိပ်ရသည်။ ရေချိုးလျှင် ပထမ ရေ ၆ ဖလား၊ ဆပ်ပြာတိုက်၍ ရေ ၆ ဖလား သုံးခွင့်ရှိသည်။
အကျဉ်းထောင်သို့ သက်ဆိုင်ရာအာဏာပိုင် လူကြီးများ ၃ လတစ်ကြိမ်ခန့် လာရောက်လေ့ရှိသည်။ အကျဉ်းထောင်ရှိ နံရံများကို ၆ လတစ်ကြိမ် ဆေးသုတ်လေ့ရှိပြီး၊ ရိုဟင်ဂျာအကျဉ်းသားများထံမှ ဆေးသုတ်ရန်ဟုဆိုကာ ငွေကျပ် ၅၀၀၀/- စီကောက်ခံသည်။ အကျဉ်းသားများက ဆေးသုတ်ရန်အတွက် ငွေပေးရန် မလိုအပ်သော်လည်း ထောင်အာဏာပိုင်များက ၎င်းတို့ကိုယ်ကျိုးအတွက် အကျဉ်းသားများကို အနိုင်ကျင့် ကောက်ခံခြင်းသာ ဖြစ်ပေသည်။
အကျဉ်းထောင်ထဲတွင် တစ်ညလုံး မီးစက်သုံးရန် ဆီ ၃ ဂါလံ လိုအပ်ပြီး၊ တစ်ညလျှင် တစ်ဆောင် အလှည့်ကျ ဆီတစ်ဂါလံ ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ငွေကျပ် ၁၅၀၀၀/- စီပေးရသည်။
ဘူးသီးတောင် အကျဉ်းထောင်တွင် အဆောင် (၁) ၌ အကျဉ်းသား ဦးရေ ၃၀၀၀ ကျော်၊ အဆောင် (၂) တွင် ၁၇၀ ဦး၊ အဆောင် (၃) တွင် ၁၉၀ ဦး၊ အဆောင် (၄) တွင် ၂၄၀ ဦး ရှိပြီး၊ အခြား အဆောင်များနှင့် အမျိုးသမီး အကျဉ်းသားများ အပါအဝင် ၁၄၀၀၀ ခန့်ရှိသည်။
အဆောင် (၄) မှ အဆောင်မှူး (လက်ထောက် ကြီးကြပ်ရေးမှူး) ဦးကျော်သူ သည် ၎င်း၏ ထမင်းစရိတ်နှင့် အထွေထွေ စရိတ်ဟု ဆိုကာ အဆောင် (၄) ရှိ အကျဉ်းသားများထံမှ တစ်လလျှင် ငွေကျပ် ၃ သိန်းခန့် ကောက်ခံသည်။ အဆောင်တွင် အခန်း (၁)၊ (၂)၊ (၃)၊ (၄) ဟူ၍ အခန်း (၄) ခန်းရှိပြီး အကျဉ်းသားတစ်ဦးက အခန်းတစ်ခန်းမှ နောက်တစ်ခန်းသို့ ပြောင်းလိုလျှင် ငွေကျပ် တစ်သောင်းပေး၍ ပြောင်းနိုင်သည်။
လက်ကျန် ထောင်ဒဏ်ကာလ ၆ လ မှ ၆ လ အောက်ရှိ အကျဉ်းသားများကို “အပြင်ဘုတ်” ဟု ဆိုကာ အလုပ်ကြမ်း လုပ်ခိုင်းရန် အပြင်ထုတ်လေ့ရှိပြီး၊ ရှောင်ကျဉ်လိုလျှင် ထောင်ပိုင် (လက်ထောက် ညွန်ကြားရေးမှူး) ဦးသီဟထွဋ် ကို ငွေကျပ် နှစ်သိန်း ပေးရသည်။ အပြင်ဘုတ်များမှာ ရေသန့်ဘုတ်၊ လယ်ဘုတ်၊ အထွေထွေဘုတ်၊ ထင်းဘုတ်များ ဖြစ်ကြသည်။
ရေသန့်ဘုတ်ဆိုသည်မှာ ရေသန့်စက်ရုံမှ ရေသန့်ဗူးများ ထုတ်ယူ၍ ကားပေါ်တင်ပေးရခြင်း ဖြစ်သည်။ အကျဉ်းသားများအတွက် အလွယ်ကူဆုံး အလုပ်ဖြစ်ပြီး၊ ရေသန့်ဘုတ်ဖြင့် အပြင်ထွက်ချင်လျှင် ငွေကျပ် နှစ်သိန်းပေးရသည်။ လယ်ဘုတ်ဆိုသည်မှာ လယ်ထွန်ခြင်း၊ စပါးရိတ်သိမ်းခြင်း၊ စပါးစိုက်ခြင်း ဖြစ်သည်။ ထင်းဘုတ်ဆိုသည်မှာ မောင်တောတောင်ပိုင်းရှိ အလယ်သံကျော်၊ မြင်းလွတ်၊ ဂေါ်ရာခါလီ စသည့် ကျေးရွာများသို့ သွားရောက်၍ ထင်းများ စုဆောင်း၍ ကားခြင့် ပြန်သယ်ရခြင်း ဖြစ်သည်။
အကျဉ်းထောင်ထဲတွင် ထင်းများကို လောင်စာအဖြစ် သုံးစွဲခွင့်မရှိဘဲ စပါးခွံများသာ သုံးစွဲခွင့်ရှိသည်။ ရိုဟင်ဂျာကျေးရွာအုပ်စု အများစုမှ ရိုဟင်ဂျာများ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသဖြင့် ထင်းများ ပေါနေသောကြောင့် စပါးခွံကို ငွေပေး မဝယ်တော့ဘဲ အခမဲ့ ရရှိသည့် ထင်းများကိုသာ သုံးစွဲနေသည်။
ထောင်ဒဏ် ကုန်ဆုံးရန် ရက်နီးကပ်နေသူများကို ထောင်ပိုင်က လျှော့ရက် လေးငါးရက် သတ်မှတ်ပေးခွင့် ရှိသောကြောင့် ရက်လျှော့ပေးခဟု ဆိုကာ အကျဉ်းသားများထံမှ ငွေကောက်ခံသည်။ လျှော့ရက်သတ်မှတ်ခ ငွေကျပ် ၅၀၀၀၀/- (ငါးသောင်း) ပေးရပြီး ထောင်တွင်း ရုံးတာဝန်ခံကို ပေးရသည်။ မပေးသူများကို ပုံစံမျိုးစုံဖြင့် ဒုက္ခပေးပြီး ခြိမ်းခြောက်လေ့ရှိသည်။
အကျဉ်းသားများကို အစိုးရနှင့် NGO အဖွဲ့အစည်းများက အခမဲ့ပေးရန် ထောက်ပံ့ထားသည့် ဆေးဝါးများကို ဆေးမှူးက ရိုဟင်ဂျာမဟုတ်သည့် လူမျိုးများကို အခမဲ့ပေးသော်လည်း ရိုဟင်ဂျာ အကျဉ်းသားများကို ငွေပေးမှသာ ဆေးဝါးများ ထုတ်ပေးသည်။ ဆေးမှူးက ဆေးဝါးများကို ထောင်တွင်းတွင် ရောင်းသည့်အပြင် ထောင်ပြင်ပမှ ဆေးဆိုင်များကို ပြန်လည် ရောင်းချလေ့ရှိသည်။ ဆေးတစ်လုံးထိုးရလျှင် ဆေးထိုးခ ငွေကျပ် ၅၀၀၀/- ယူပြီး ထိုးရမည့်ဆေးကို အပြင်မှ ဝယ်ခိုင်းသည်။
ဘူးသီးတောင် အကျဉ်းထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုများ လျော့နည်းလာသော်လည်း အကျဉ်းသားများ လိုအပ်သည့် ငွေကြေးပမာဏ များပြားသဖြင့် အကျဉ်းသားများ၏ မိသားစုများအတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်နေသည်။ ရိုဟင်ဂျာအကျဉ်းသား အများစုမှာ မတရားသဖြင့် ဖမ်းဆီးခံထားရသူများသာ ဖြစ်ကြသည်။