ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ ပညာတတ်လူငယ်ပေါင်းများစွာ ရှိနေပါတယ်။ အဲဒီထဲမှာ ကိုခင်မောင်လည်း တစ်ဦးအပါအဝင်ပါ။
ကိုခင်မောင် ကတော့ ဒုက္ခသည်စခန်းကို လာတဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး၊ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့ပုံတွေကို အသေးစိတ် ရှင်းပြတာတွေ၊ မျက်မြင်သက်သေတွေနဲ့ ချိတ်ဆက်ပေးတာတွေကို လုပ်တဲ့အပြင်၊ နိုင်ငံတကာမီဒီယာတွေ၊ မြန်မာပိုင်း မီဒီယာတွေက ဆက်သွယ်မေးမြန်းတွေကိုလည်း ဖြေကြားနေတာတွေ ရှိပါတယ်။ ပညာရေး၊ လူမှုရေး၊ အားကစား နယ်ပယ် တော်တော်များများမှာ တက်ကြွလှုပ်ရှားနေသူ ဖြစ်ပြီး၊ ပညာရေးပိုင်းမှာ လူငယ်တွေ ဝိုင်းဝန်းပြီး ဖွဲ့စည်းထားတဲ့ RCDC မှာ ပါဝင်လှုပ်ရှားနေတဲ့အပြင် Free Rohingya Coalition ရဲ့ Coordinator for Refugee Youth in Bangladesh အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။
ကိုခင်မောင် ကို Rohingya Today က ဒုက္ခသည်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချို့ကို မေးမြန်းထားပါတယ်။
RT: ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို ဘယ်တုန်းက ရောက်တာလဲ .. ဘာကြောင့် ရောက်လာခဲ့တာလဲ?
KM: ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှာ ဒီကိုရောက်လာခဲ့တာပါ။ ဒီကိုလာချင်လို့ လာနေတာမျိုးတော့ မဟုတ်ဘူး။ အမိမြန်မာနိုင်ငံမှာ နေလို့မရတော့တဲ့ အခြေအနေဖြစ်နေတာကြောင့် အသက်ဘေးကနေ လွတ်မြောက်ဖို့ အတွက် ထွက်ပြေးတိမ်းရှောင်လာရတာပါ။ သြဂုတ်လ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ မြန်မာ့တပ်မတော်၊ ရဲနဲ့ နယ်ခြားစောင့်ရဲတွေက သူတို့ကို တိုက်ခိုက်ပါတယ်ဆိုတဲ့ အာဆာတွေကို ပြန်မတိုက်ဘဲ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခဲ့တယ်။ ကလေးငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ အသက်ကြီးငယ် မရွေး သတ်ဖြတ်တယ်၊ ဖမ်းဆီးတယ်။ ဒါတွေကို မခံနိုင်လို့ အသက်ကယ်ဖို့ အတွက် ထွက်ပြေးပြီး ဒီမှာ ခိုလှုံနေရတာ။
ကျွန်တော်တို့ရဲ့ အိမ်တွေကို အကြောင်းမဲ့ မီးရှို့ပြီး ကျွန်တော်တို့ မနေနိုင်တော့အောင် လုပ်တယ်။ လုပ်တဲ့ပုံစံတွေက စနစ်တကျ အကွက်ကျ ပြင်ဆင်ခဲ့တာ ပေါ်လွင်နေတယ်။ အိမ်မရှိတော့ ဘယ်မှာသွားနေမလဲ။ မိဘတွေရဲ့ရှေ့မှာ သမီးပျိုတွေကို မုဒိမ်းကျင့်နေတာ ဘယ်မိဘက သည်းခံနိုင်မလဲ။ အဲဒီတော့ အကောင်းဆုံးနည်းလမ်းက ထွက်ပြေးဖို့ပါပဲ။
RT: ဒုက္ခသည်စခန်းမှာ နေရထိုင်ရတာ အဆင်ပြေရဲ့လား?
KM: ဒုက္ခသည်စခန်းမှာ နေရထိုင်ရာတာ အဆင်ပြေတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဒီမှာ လွတ်လွတ်လပ်လပ် နေထိုင်နေရတဲ့ ပုံစံတော့ မဟုတ်ဘူး။ ပျော်ရွှင်ဖို့လည်း အကြောင်းမရှိဘူး။ အကျဉ်းထောင်ဆိုတာကို ရောက်ခဲ့သူတွေက ပိုသိမှာပါ။ ဒုက္ခသည်စခန်းဆိုတာလည်း အကျဉ်းထောင်နဲ့ အလားတူပါပဲ။ နေတဲ့သူတွေသာ သိမှာပါ။
ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ လူသားတွေပဲဖြစ်ဖြစ်၊ ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေ မရဘဲ နေထိုင်နေရခြင်းသာ ဖြစ်ပါတယ်။
ဒီဒုက္ခသည်တွေ ဒီမှာ အကြာကြီးနေရမယ်ဆိုရင် အလိုအလျောက် အသုံးချချင်သူတွေရဲ့ သားကောင်တွေ ဖြစ်လာနိုင်ချေရှိတယ်။ ဒါကို ကျွန်တော် အရမ်းစိုးရိမ်တယ်။ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တစ်ဦးရဲ့ အခွင့်အရေး အပြည့်အဝမရဘဲ ဒီလိုမျိုး ပိတ်လှောင်ထားတဲ့ ပုံစံမျိုးနဲ့ မထားစေချင်ဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပေးသင့်တယ်။
အထောက်အပံ့နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အစတုန်းက NGO များများဆီက အသုံးအဆောင် ပစ္စည်းမျိုးစုံရခဲ့တယ်။ အခုတော့ မရတော့ဘူး။ အခု ပုံမှန်ထောက်ပံ့တာက WFP ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲတို့သာ ရတယ်။ ဒါတွေနဲ့ မိသားစုတစ်စု စားသောက်ဖို့ အဆင်ပြေနိုင်မလားဗျာ။
အရင်က မိသားစု တစ်စုမှာ (၈) ယောက်ရှိတယ်ဆိုရင် တစ်လကို ဆန် (၁၂၀) သိုက် (ကီလို)၊ ဆီ (၁၂) ဗူးနဲ့ ပဲ (၈) ထုတ်လောက်ပဲ ထောက်ပံ့ခဲ့တယ်။ (၄) ယောက်ဆိုရင်တော့ အခုပြောတာရဲ့ တစ်ဝက်ပေါ့။
လွန်ခဲ့တဲ့ ဒီဇင်ဘာလက စပြီး WFP က ထောက်ပံ့နေတာတွေကို လျှော့ချလိုက်တယ်။ (၈) ယောက် မိသားစုကို ဆန် (၉၀) သိုက်၊ ဆီ (၅) ဗူး၊ ပဲ (၅) ထုတ် ပဲ ပေးတော့တယ်။ အဲဒါကြောင့် အခု ဒုက္ခသည်တွေ စားဝတ်နေရေး အဆင်မပြေတော့ဘူး။ အားလုံး အခက်အခဲကြုံနေတော့ WFP ကို ပြောပြတယ်။ အထက်က အမိန့်အရ လျှော့ချရတာလို့သာ ပြောတယ်။
RT: အခု ကလေးသိန်းနဲ့ချီပြီး ပညာသင်နိုင်ဖို့ ဒုက္ခရောက်နေတယ်လို့ သိရတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကိုခင်မောင်တို့လို ပညာတတ်လူငယ်တွေက ဘာတွေများ လုပ်ကိုင်နေတာရှိလဲ?
KM: ပညာသင်ဖို့ ဒုက္ခရောက်နေတဲ့ ကလေး သိန်းနဲ့ချီ ရှိနေတာကို ကြည့်ပြီး အရမ်းကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ပညာတတ်လူငယ်တွေမှာ သူတို့အတွက် ဘာတွေ တာဝန်ရှိလဲ၊ အခု ဘာတွေလုပ်ပေးနေသလဲဆိုပြီး ကိုယ့်ဟာကိုယ် အမြဲစဉ်းစားတယ်။
ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြပါ ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ ပညာတတ်လူငယ်တွေ စုပေါင်းပြီး Rohingya Community Developmetn Campaign (RCDC) ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ကမ့်တွေထဲမှာ ကလေးတွေကို ပညာသင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ RCDC က ကြီးကြပ်ပြီး ကမ့်တစ်ချို့မှာ Community Learning Centre (CLC) တွေ ဖွင့်ပြီး သင်ပေးနေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သင်ရိုးညွန်းတမ်းအတိုင်း သင်ကြား ပို့ချနေတာပါ။ အခက်အခဲမျိုးစုံကြောင့် ကမ့်တိုင်းမှာ သင်နိုင်တာ မရှိပေမယ့်လည်း တဖြေးဖြေး ဆက်လက်ကြိုးစားပြီး ကမ့်တိုင်းမှာ ယာယီကျောင်းတွေ ဖွင့်ပြီး သင်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ငွေကြေး အခက်အခဲကြောင့် RCDC မှာ ကိုယ်ပိုင်ကျောင်းတော့ မရှိဘူး။ ဘာသာရေး စာသင်ကျောင်းတွေကို အချိန်ပိုင်း ငှားပြီး သင်ပေးနေတာ ဖြစ်ပါတယ်။ RCDC ရဲ့ မူဝါဒအတိုင်း လူတိုင်း ပညာသင်ကြားခွင့် ရရှိရေးဆိုတဲ့ မူဝါဒကို ရအောင် အကောင်အထည် ဖော်ဆောင်သွားပါမယ်။
ကမ့်ထဲမှာ ရှိနေတဲ့ ပညာတတ်လူငယ်တွေ တော်တော်များများ တတ်နိုင်သမျှ ယာယီစာသင်ကျောင်းတွေ ဖွင့်ပြီး သင်ကြားပို့ချနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အားလုံးက သူတို့ကို ကြိုဆိုရမယ်၊ ဆက်လက် ကြိုးစားဖို့လည်း ကူညီအားပေးရပါမယ်။ ဘာမှ လုံလုံလောက်လောက်ရှိတယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဖြစ်သလို လုပ်နေရတာ။ နောက်ထပ် အများကြီး ကြိုးစားရဦးမယ်။ တာဝန်သိ စိတ်ဓါတ်နဲ့ အလုပ်လုပ်နေကြတာပါ။ အမှန်တကယ် ပြောရမယ်ဆိုရင် ကမ့်တွင်းက ပညာရေးကိစ္စက အင်မတန်ကို ဆိုးရွားလှတယ်။ အချိန်မီ ဖြေရှင်းပေးဖို့ လိုပါတယ်။ ကမ့်တွင်းမှာ Formal Education နဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း မရှိသလောက်ပါပဲ။ ကမ့်တွင်း ပညာရေးကိစ္စတွေ၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတာတွေရှိပါတယ်။ လိုအပ်ရင် စာတမ်းပြုစုဖို့ လုပ်ပါမယ်။
RT: ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ဖို့ပို့ နှစ်ကြိမ် ကြိုးစားခဲ့တယ်၊ မအောင်မြင်ဘူး။ အခု အဲဒီမှာ ရွေးကောက်ပွဲ ပြီးသွားပြီဆိုတော့ တကျော့ပြန် ကြိုးစားတော့မယ်လို့ ထင်လား?
KM: ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ဖို့ပို့ နှစ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘာကြောင့် မအောင်မြင်တာလဲ၊ ဒါကို သင်ခန်းစာယူသင့်တယ်လို့ ပြောချင်ပါတယ်။
အခု တကျော့ပြန် ကြိုးစားမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဓိက ကျွန်တော်တို့ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေကို မရမချင်း မပြန်ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ။
RT: တကယ်လို့ ပြန်ပို့မယ်ဆိုရင် ဘယ်လို အနေအထားဖြစ်မှ ပြန်မယ်လို့ ဆုံးဖြတ်ထားတာရှိလား? အများစုကရော ဘယ်လိုစဉ်းစားထားကြလဲ?
KM: သိပ်အရေးကြီးတဲ့ မေးခွန်းပါ။ အရေးကြီးဆုံးအရာတွေက တရားမျှတမှုရရှိရေးနဲ့ နိုင်ငံတကာ အကာအကွယ်ရရှိရေး .. ကျွန်တော့်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ရိုဟင်ဂျာတွေ လုံး၀ လက်မခံတဲ့ NVC ကို ရုပ်သိမ်းရမယ်၊ မူလနေရပ်ကို ပြန်လည် နေထိုင်ခွင့် ရရှိရေး၊ မိမိတို့ရဲ့ ပစ္စည်းဥစ္စာတွေ ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိရေး၊ ရိုဟင်ဂျာနာမည်နဲ့ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး ရရှိရေး စတာတွေကို မြန်မာအစိုးရက အာမခံချက် ပေးရမယ်။ အများစုကလည်း ဒီအတိုင်းပါပဲ။ ကမ့်ထဲမှာ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေး အတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေလည်း ရှိတယ်။ အဲဒါတွေကို မြန်မာအစိုးရက လိုက်လျောပေးမယ်ဆိုရင် ပြန်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ မဟုတ်ရင်တော့ ပြန်ဖို့ မဖြစ်နိုင်ဘူး။
RT: မြန်မာအစိုးရ၊ စစ်တပ်နဲ့ ပြည်သူအများစုက ကိုခင်မောင် တို့ကို မြန်မာနိုင်ငံသားတွေပါလို့ အသိအမှတ် မပြုဘူး။ ကိုခင်မောင် အနေနဲ့ သူတို့ အဲလို ပြောတာတွေကို လက်ခံလား၊ တကယ်လို့ ကိုခင်မောင်က မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ရင် မြန်မာနိုင်ငံအတွက် ဘာတွေ လုပ်ပေးနိုင်မယ်လို့ ထင်လဲ?
KM: စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းလို့ ပြောရမယ်။ သူတို့က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောတယ်၊ အသိအမှတ်မပြုဘူး၊ ဒါတွေကို ကျွန်တော် လက်မခံဘူး။
ကျွန်တော်တို့က နိုင်ငံသားပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ အရင်ရှိခဲ့တဲ့ နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးတွေ ပြန်ပေးပါလို့ တောင်းဆိုနေတာပါ။ ဒါကို ခွဲခြားနားလည်ဖို့ လိုပါတယ်။
တကယ်လို့ ကျွန်တော်က အခုအချိန်မှာ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ရင်၊ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး အကုန်ရခဲ့ရင်၊ နိုင်ငံသားတစ်ဦး လုပ်သင့်လုပ်ထိုက်တဲ့ တိုင်းပြည် အကျိုးပြု လုပ်ငန်းတွေ လုပ်မှာပေါ့ဗျာ။ မြန်မာနိုင်ငံသားကောင်း ပီပီသသနဲ့ နိုင်ငံ့တာဝန်ကို ကျရာ အခန်းကဏ္ဍမှာ ပါဝင်ပြီး လုပ်ကိုင်သွားမှာပါ။ နိုင်ငံကို အကျိုးဖြစ်ထွန်းစေတဲ့ နိုင်ငံသားကောင်းတစ်ဦး ဖြစ်ချင်တယ်။ အမိမြန်မာနိုင်ငံတော်ကြီးကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ တက်တက်ကြွကြွ ပါဝင်ပြီး အားဖြည့်ချင်တယ်။
ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်လိုမျိုး နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံသားတစ်ဦး ဖြစ်ချင်တယ်။ ကျရာ အခန်းကဏ္ဍမှာ ပါဝင်ပြီး နိုင်ငံတော်ကြီးကို အကျိုးပြုချင်တယ်။