၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ အစိုးရတို့က မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ဒေသခံရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး လူမျိုးတုံးသတ်ဖြတ်ခဲ့တာကြောင့် (၇) သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသားလူငယ်တွေ၊ တက္ကသိုလ်တက်နေရင်း ၂၀၁၂ မှာ ဆက်တက်ခွင့်မရတော့တဲ့ ကျောင်းသားလူငယ်တွေ၊ ဘွဲ့ရလူငယ်တွေ အများကြီးပါဝင်သလို၊ ကျောင်းနေအရွယ်ကလေး ၄ သိန်းနီးပါးလောက်ရှိနေတယ်။
ဒီလူငယ်တွေက ကျောင်းနေအရွယ် ကလေးငယ်တွေကို ရတဲ့နည်းလမ်းနဲ့ ပညာသင်ကြားပေးနေတယ်။ အဲဒီထဲမှာ Rohingya Community Development Campaign (RCDC) ဆိုတဲ့ အဖွဲ့အစည်းခေါင်းစဉ်အောက်မှာ ကလေးတွေရဲ့ ပညာရေးအတွက် လှုပ်ရှားရုန်းကန်နေသူများထဲက လူငယ်တစ်ဦး ဖြစ်တဲ့ ကိုဇော်ဂျီဝင်း ကို Rohingya Today က ဆက်သွယ်မေးမြန်းထားပါတယ်။
RCDC မှာ ကိုဇော်ဂျီဝင်းနဲ့ အတူ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်ပေါင်းများစွာ ရှိပါတယ်။
RT: ကိုဇော်ဂျီဝင်း တို့ RCDC က ဖွင့်ထားတဲ့ ပညာရေးစင်တာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြပေးပါ။
ZGW: ဟုတ်ကဲ့၊ ကျွန်တော်တို့ ရိုဟင်ဂျာလူငယ်တွေရဲ့ အဓိက ရည်ရွယ်ချက်က ကလေးငယ်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပညာသင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ကြားပေးနိုင်မယ့် အခြေအနေတစ်ခုကို ရအောင် ဖန်တီးပါတယ်။ ကျောင်းဆောင်လည်း မရှိဆိုတော့ အခြေခံ အာရဗီကျောင်းတွေကို ညနေ ၄ နာရီကနေ ၉ နာရီထိ အချိန်ပိုင်း ယာယီငှားထားတယ်။ အဆောင်တစ်ဆောင်ကို CLC တစ်ခုအဖြစ် သတ်မှတ်တယ်။ CLC ဆိုတာ Community Learning Centre ပါ။
လောလောဆယ်တော့ ဒီမှာ ဒုတိယအကြီးဆုံး ကမ့်ဖြစ်တဲ့ ဘာလူခါလီမှာ CLC ၈ ခု၊ တန်ခါလီကမ့်မှာ တစ်ခု၊ အားလုံး ၉ ခုသာ လည်ပတ်နိုင်သေးတယ်။ အခြားကမ့်တွေဖြစ်တဲ့ ဂျမ်တိုလီ၊ ဟာကီးမ်ဖာရာ၊ ဇာဒီမူရာ စတဲ့ကမ့်တွေမှာလည်း ဖွင့်နိုင်အောင် ကျွန်တော်တို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်။
CLC တွေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားတွေကို သင်ကြားပေးနိုင်ပြီး၊ ဆရာအင်အား အဆင်မပြေမှုတွေကြောင့် မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာ စတဲ့ (၃) ဘာသာကို အဓိက သင်ကြားပေးနေတယ်။ ကျန်တာတွေ သင်ပေးနိုင်ဖို့လည်း တော်တော်လေး ကြိုးစားနေပါတယ်။
CLC တစ်ခုချင်းစီအတွက် အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ မိဘကော်မီတီရှိတယ်။ စေတနာနဲ့ သင်ကြားပေးနေတဲ့ အတန်းလိုက် ဆရာတစ်ဦးစီ ရှိတယ်။ ကျောင်းအုပ်ကြီး၊ ဒု-ကျောင်းအုပ်ကြီး တွေပါရှိတယ်။ အားလုံးက စေတနာ့ဝန်ထမ်းတွေပါ။ ကျွန်တော်တို့ RCDC မှာ CEC နဲ့ အဖွဲ့ဝင်တွေရှိတယ်။ သူတို့ရဲ့ ကြိုးစားမှုက ပိုပြီး အဓိကကျတာပေါ့။ CEC နဲ့ အဖွဲ့ဝင်တွေကနေ ဒီလို CLC တွေ ဖြစ်ပေါ်လာအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ သူတို့ရဲ့ ကြိုးစားမှုကြောင့် မကြာခင် ဒီထက်ကောင်းမွန်တာတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
RT: အခုစင်တာတွေမှာ ဘာတွေ အခက်အခဲရှိလဲ? ဘယ်လိုပုံစံမျိုးနဲ့ သင်နိုင်ရင် ပိုလွယ်ကူမလဲ?
ZGW: အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ သီးသန့်ကျောင်းဆောင်၊ ဆရာအင်အားကစပြီး ကျောင်းဆရာတွေရဲ့ လစာ၊ ကျောင်းသုံးစာအုပ်၊ ဆရာ့လက်စွဲစာအုပ်၊ စာသင်ခန်း ပရိဘောဂများနဲ့ အခြား သင်ထောက်ကူ ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်။
ကိုယ်ပိုင်ကျောင်းဆောက်ဖို့၊ KG တန်းမှာ ကျောင်းသား/သူ အရေအတွက်များတာကြောင့် အတန်းခွဲတွေနဲ့ တိုးချဲ့ဖို့၊ ဆရာအင်အားတွေ တိုးချဲ့ဖို့၊ အခုလောလောဆယ် စေတနာ့ဝန်ထမ်း ဆရာတွေကို အချိန်ပိုင်းနှုန်းနဲ့ လစာပေးနိုင်ဖို့၊ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ၊ ဆရာ့လက်စွဲစာအုပ်၊ စာရေးခုံ၊ ထိုင်ခုံ စတာတွေ စီစဉ်နိုင်မယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးအတွက် ပိုပြီး အထောက်အကူ ဖြစ်မယ်။ ပိုပြီး လွယ်သွားပါမယ်။
RT: စင်တာတွေမှာ ပညာသင်နေတဲ့ ကလေးတွေက အခက်အခဲတွေကြားမှာ ပညာသင်နေကြတယ်။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ ပညာသင်ချင်ကြတယ်ဆိုတာမျိုး တောင်းဆိုတာတွေ ရှိလား?
ZGW: ဟုတ်ကဲ့၊ ရှိပါတယ်။ အခုကျွန်တော်တို့က ကိုယ်ပိုင်ကျောင်းဆောင်မရှိတော့ ညနေပိုင်းကနေ ညမိုးချုပ်ထိ သင်နေရတယ်။ ကလေးတွေက ကျောင်းစံနှုန်းအတိုင်း တက်ချင်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစိုးရကျောင်းတက်ခဲ့သလိုပေါ့။ မနက်ကနေ နေ့လည်ပိုင်းအထိ၊ ပြီးတော့ သူတို့က ပုံနှိပ်စာအုပ်၊ စာရေးခုံ၊ ထိုင်ခုံတွေနဲ့ သေချာထိုင်ပြီး တကယ့်ကျောင်းသား/သူတွေ ကျောင်းတက်သလို တက်ချင်ကြတယ်။ ကျောင်းဝတ်စုံဝတ်ပြီး အစိုးရကျောင်းတက်ရမယ့် အရွယ်မှာ အခုလို မြေကြီးပေါ်ထိုင် စာသင်ရတော့ သူတို့လည်း စိတ်မကောင်းဖြစ်မှာ သေချာတယ်။
RT: ဒီကလေးတွေက မြို့ကြီးပြကြီးတွေမှာ အခြားကလေးတွေလို ပညာသင်ကြားခွင့်ရရင် သူတို့ရဲ့ အနာဂတ်တွေ ဖြစ်လာနိုင်မလဲ? အခုပုံစံမျိုးနဲ့ သွားရင် သူတို့အနာဂတ်က ဘယ်လိုဖြစ်မလဲ?
ZGW: ရိုဟင်ဂျာလူငယ်တွေရဲ့ အနာဂတ်က အဆိုးဝါးဆုံး အခြေအနေမှာ ဖြစ်နေတယ်။ ဘယ်သူကမှ ထူထောင် ဖန်တီးပေးနေတာ မရှိသလောက် နည်းပါးတယ်။ ကျွန်တော်တို့ RCDC ကတော့ ဒီကလေးတွေရဲ့ အနာဂတ်ကို တစ်ခုခုဖြစ်လာနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားမယ်လို့ သန္နိဌာန်ချ ထားပါတယ်။ အခုက ကျွန်တော်တို့ရဲ့ အစပါ။
တကယ်လို့ အခုကလေးတွေ မြို့ကြီးပြပြီးတွေမှာ ပညာသင်ခွင့်ရနေရင် သူတို့အတွက် ပုံမှန်အားဖြင့် စံ တစ်ခုရှိနေမယ်။ အဆင့်မီ အခြေအနေတစ်ခု၊ အသစ်တစ်ခု ဖန်တီးဖို့က သိပ်မခက်ဘူး။ သူတို့က အနည်းဆုံး အလယ်အလတ်တန်းတစ်ခုကိုတော့ အနည်းဆုံး ရောက်မယ်။
အခုလက်ရှိ ဒီကအခြေအနေရယ်၊ မြန်မာနိုင်ငံမှာတုန်းက ရှိခဲ့တဲ့အခြေအနေတွေက တော်တော်လေး နိမ့်ကျတယ်။ သင့်တင့်တဲ့ အဆင့်အတန်းတစ်ခုရောက်ဖို့ အရင်ကြိုးစားဖို့ လိုပါတယ်။ အဆင့်မီတဲ့ ပညာရေးစနစ်တစ်ခုကို ဒီမှာ မြှင့်တင်ဖို့က ပံ့ပိုးမှုပေါင်းစုံလိုတယ်။ ဒီမှာ ကျွန်တော်တို့ကို ပံ့ပိုးနေတာ မရှိသလောက်ပဲ။ မိဘတွေက လွဲလို့ပေါ့။ ဒုက္ခသည်တွေက ပံ့ပိုးရင်လည်း ဒုက္ခသည်အဆင့်ပဲလေ။ အဲဒီတော့ ကျွန်တော်တို့ ဒီနေရာမှာ တိုးတက်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲဒါကြောင့် ဒီကလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရင်လေးမိပါတယ်။
RT: တကယ်လို့ မြန်မာနိုင်ငံကို ပြန်လို့ရမယ်ဆိုရင် ပညာရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ဘယ်လိုပုံစံမျိုးတွေ လုပ်ပေးပါလို့ တောင်းဆိုချင်လဲ?
ZGW: ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံက ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံတကာအဆင့်မီ သင်ကြားပေးဖို့ တောင်းဆိုချင်တယ်။ စာမေးပွဲမှာ စာကို အလွတ်ကျက်ပြီး ဖြေတဲ့ ပညာရေးစနစ်ထက် စာကို တကယ်တတ်တဲ့ ပညာရေးစနစ်ကိုသာ တောင်းဆိုချင်တယ်။ ဒါက ကျွန်တော်တို့ ပြန်လို့ရတဲ့အခါပေါ့။ အခုအခြေအနေက ပြန်လို့ရနိုင်မယ့် အနေအထားလည်း မရှိသေးတော့ ဒါတွေကို တောင်းဆိုတယ် ပြောနေတာထက် ကျွန်တော်တို့ ဒီမှာ လုပ်နေတဲ့ CLC တွေကို အားလုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးဖို့ တောင်းဆိုချင်ပါတယ်။