(၁)
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံ၏ မူလဘူတ တိုင်းရင်းသား မျိုးနွယ်စုတွင် ပါဝင်သူများ နိုင်ငံသားလျှောက်ထားရန် မလိုအပ်ခဲ့ပါ။ ရိုဟင်ဂျာအမျိုးသား ဦးအဒူဇိုလိလ်က နိုင်ငံသားလျှောက်ထားသည့်အခါ တရားရေး ဝန်ကြီးဌာန ဝန်ကြီးက တိုင်းရင်းသားမျိုးနွယ်စုတွင် ပါဝင်သောကြောင့် နိုင်ငံသား လျှောက်ထားရန် မလိုအပ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ နိုင်ငံသား ဟုတ်/မဟုတ် ဒွိဟဖြစ်သူများသာ နိုင်ငံသားလျှောက်ရန် လိုအပ်ခဲ့သည်။ ရိုဟင်ဂျာအမျိုးသား ဦးအီမာန်ရှရီဖ်က တရားရုံး၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခဲ့သည်။
(၂)
၁၉၅၀ ပြည့်နှစ် နောက်ပိုင်းတွင် သုံးခေါက်ချိုးဟု လူသိများသော အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ထုတ်ပေးခဲ့ရာ ရိုဟင်ဂျာလူမျိုးများကိုလည်း ၁၉၇၄ ခုနှစ် မတိုင်မီ အထိ ပုံမှန်ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အစိုးရအမှုထမ်းများနှင့် ပညာတတ်များကိုသာ ထုတ်ပေးခဲ့သော်လည်း သာမာန်အရပ်သားများကို ထုတ်မပေးဘဲ ထားခဲ့သည်။ ရိုဟင်ဂျာများသည် နိုင်ငံသားများသာ ကိုင်ဆောင်ခွင့်ရသည့် AK, AI, BTG, MDW စသော ကုဒ်များသုံးထားသည့် ဂဏန်း ၆ လုံးပါ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများသာ ကိုင်ဆောင်ခဲ့ကြသည်။ FRC ဟု အများသိခဲ့သည့် ဂဏန်း ၅ လုံးပါ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်သူ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်ပင် မရှိခဲ့ပါ။
(၃)
FRC ကိုင်ဆောင်သည့် အခြားလူမျိုးများသည် သက်ဆိုင်ရာ မြို့နယ် လ.ဝ.က သို့ အကြောင်းကြား၍ ခရီးသွားရသော်လည်း အမျိုးသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်သည့် ရိုဟင်ဂျာများသည် ၁၉၉၂ ခုနှစ်ထိ မြန်မာနိုင်ငံ၏ မည်သည့် အရပ်ဒေသသို့မဆို အာဏာပိုင်များ၏ ခွင့်ပြုချက်မလိုအပ်ဘဲ အခြားသော တိုင်းရင်းသား၊ နိုင်ငံသားများနှင့် တန်းတူ သွားလာခွင့် ရခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော မြန်မာနိုင်ငံဖြစ်လာပြီး ၄၄ နှစ်အကြာတွင် ရိုဟင်ဂျာများ၏ သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ လက်ထပ်ခွင့်၊ မွေးဖွားခွင့်နှင့် အခြားသော အခြေခံ အခွင့်အရေးများ အားလုံးကို ပိတ်ပင်ကန့်သတ်ခံခဲ့ရသည်။
(၄)
၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဥပဒေ အသစ်ပြဌာန်း၍ တိုင်းရင်းသား (၁၃၅) မျိုး သတ်မှတ်ခဲ့ပြီး၊ ရိုဟင်ဂျာအပါအဝင် အခြားသော တိုင်းရင်းသားမျိုးနွယ်စု အချို့ကို ဖယ်ထုတ်ခဲ့သည်။ ဥပဒေသစ်နှင့် အညီ နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးရန် စီမံကိန်း စတင်သည့် ၁၉၈၉ ခုနှစ်တွင် ရိုဟင်ဂျာများကိုလည်း နိုင်ငံသားစီစစ်ရေးကဒ်ပြား လျှောက်ထားရန် အာဏာပိုင်များက ပြောကြားသောကြောင့် အများအပြား လျှောက်ထားခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံသားစီစစ်ရေးကဒ်ပြား (ပန်းရောင်) ထုတ်ပေးရမည့်အစား ဝှိုက်ကဒ်ဟု လူသိများခဲ့သော ယာယီသက်သေခံကဒ်ပြားများကို အတင်းအဓမ္မ ထုတ်ပေးခဲ့သည်။
(၅)
ဝှိုက်ကဒ်များကို ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်း၍ နိုင်ငံသားစီစစ်ခံရမည့်သူများ ကိုင်ဆောင်ရမည့် ကဒ်ပြားဟု ခေါ်သည့် National Verificiation Card (NVC) များ ထုတ်ပေးရန် ကြိုးစားလျက်ရှိသော်လည်း အာဏာပိုင်များနှင့် နီးစပ်သည့် ထောင်ဂဏန်းခန့်ကိုသာ လက်ခံရန် ဖြောင်းဖြနိုင်သည်။ ရိုဟင်ဂျာအများစုက NVC ကို လုံး၀ လက်မခံဟု အကြိမ်ကြိမ် ပြောဆိုထားသည်။
(၆)
၁၉၈၉ ခုနှစ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးမည်ဟု ဆိုကာ ၁၉၉၄ ခုနှစ်တွင် ဝှိုက်ကဒ်များ ထုတ်ပေးခဲ့သည်။ ဝှိုက်ကဒ်များ ဖျက်သိမ်း၍ NVC လက်ခံရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက် ရှိသည်။
(က) မြောက်ဦးမြို့နယ်တွင် အိုးအိမ်မဲ့ ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားသူများကို နိုင်၊ ပြု ဟူ၍ အဆင့်ခွဲ၍ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးခဲ့သော်လည်း ၎င်းတို့သည် ယခုအချိန်ထိ ဒုက္ခသည် စခန်းတွင်းမှ အပြင်သို့ပင် ထွက်ခွင့်မရခြင်း၊
(ခ) ကိုဖီအာနန် အကြံပေးကော်မရှင်က စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများ ဖျက်သိမ်း၍ ဒုက္ခသည်များကို မူရင်းနေရပ်သို့ ပြန်ပို့ရန် ပြောဆိုခဲ့သော်လည်း အာဏာပိုင်များက အကောင်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောကြားခြင်းပင် မရှိသေးခြင်း၊
(ဂ) ယခင်က နိုင်ကဒ်လျှောက်ထားခိုင်းပြီးမှ ဝှိုက်ကဒ်များကို အတင်းအဓမ္မ ထုတ်ပေးခဲ့ခြင်း၊
(ဃ) ယခင် သမ္မတ ဦးသိန်းစိန်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံသားကဒ်ပြားများ ထုတ်ပေးမည်ဟု ပြောဆိုကာ မဲဆွယ်၍ မဲယူခဲ့သော်လည်း လက်တွေ့တွင် ရိုဟင်ဂျာများ၏ အခြေအနေကို ပိုမိုဆိုးရွားအောင် ပြုလုပ်ခဲ့ခြင်း၊
အကြောင်းရင်းများစွာထဲမှ အထက်ပါ (၄) ချက်နှင့်ပင် အာဏာပိုင်များကို ယုံကြည်ရန် မည်သို့မျှ မဖြစ်နိုင်။
(၇)
ရိုဟင်ဂျာများသည် အထောက်အထားမဲ့သူများ မဟုတ်ဘဲ အထောက်အထားများစွာ သိမ်းဆည်းခံရထားသူများ ဖြစ်ကြသည်။ ၁၉၇၄ ခုနှစ်မှစ၍ ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များ၊ လ.ဝ.က ဝန်ထမ်းများက ရိုဟင်ဂျာများ၏ အမျိုးသားမှတ်ပုံတင်ကဒ်ပြား၊ ဝှိုက်ကဒ်၊ ဝှိုက်ကဒ် အပ်နှံထားသည့်ပြေစာ သောင်းချီ၍ ဖြဲစုတ် လွှင့်ပစ်ခဲ့သည်။ လ.ဝ.က ၏ မှတ်တမ်းတွင် AI, AK, BTG, MDW အစရှိသည့် ကုဒ်များနှင့် ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ၏ စာရင်းများ အားလုံးရှိမည် ဖြစ်သည်။ ယခု အိမ်ထောင်စုလူဦးရေစာရင်းမှ လွဲ၍ အခြား အထောက်အထား မရှိသူများသည် အမျိုးသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ခဲ့သူများ၏ သားသမီး၊ မြေးများ ဖြစ်ကြသည်။
(၈)
တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများ၏ အထောက်အထားများကို စနစ်တကျ သိမ်းဆည်း၍ အထောက်အထားမဲ့များဟု ပြောဆိုနေခြင်းသည် မတရားမှုတစ်ခု ပြုလုပ်နေခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ မြန်မာအစိုးရ အနေဖြင့် သိမ်းဆည်းခဲ့သည့် အထောက်အထားများ၊ ဖြဲစုတ်ခဲ့သည့် အထောက်အထားများကို ပြန်လည် ထုတ်ပေးခြင်းဖြင့်သာ စီစစ်သင့်သည်။ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများကို နိုင်ငံခြားသား ပုံစံ ဖန်တီးနေသည့် NVC ကဒ်ပြား ထုတ်ပေးခြင်းကို ရပ်တန့်၍ နိုင်ငံသားကဒ်ပြားများကို ထုတ်ပေးရန်သာ ကြိုးစားရမည် ဖြစ်သည်။
(၉)
ရိုဟင်ဂျာများအား လုပ်ကိုင်စားသောက်ခွင့် အလုံးစုံ ပိတ်ဆို့၍ NVC ယူရန် ဖိအားပေးလျှင်လည်း အောင်မြင်မည် မဟုတ်ပါ။ ပြုနိုင်ငံသား (အစိမ်းရောင်) ထုတ်ပေးရန် ကြိုးစားလျှင်လည်း အောင်မြင်မည်မဟုတ်ပါ။ ရိုဟင်ဂျာများ၏ အထာက်အထားများ အားလုံးကို အာဏာပိုင်များ လက်ထဲတွင် ထား၍ မတရားသဖြင့် NVC ထုတ်ပေးရန် ကြိုးစားခြင်းကို ရပ်တန့်၍ မြန်မာနိုင်ငံတွင် တိုင်းရင်းသား၊ နိုင်ငံသားများအားလုံး ကိုင်ဆောင်သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြား (ပန်းရောင်) ကိုသာ ထုတ်ပေးမှသာ အစိုးရနှင့် ရိုဟင်ဂျာလူထုကြား ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်မည် ဖြစ်ပြီး၊ အခြားသော ဒေသဖွံ့ဖြိုးရေးကိစ္စအရပ်ရပ်အတွက် အထောက်အကူပြုမည် ဖြစ်သည်။
(၁၀)
အစိုးရက မောင်တောမြို့နယ်တွင် NVC ၃၀၀၀ ကျော် ထုတ်ပေးနိုင်ခဲ့ပြီဆို၍ ရိုဟင်ဂျာများက NVC ကို လိုလိုလားလား လက်ခံယူနေသည့် ပုံစံမျိုးဖြင့် ဝါဒဖြန့် သတင်းထုတ်ပြန်ပြီး ပြည်သူများကြား ဝါဒဖြန့်နေသည်ကို တွေ့မြင်နေရသည်။ အမှန်တကယ်တွင် အစိုးရက ဖော်ပြနေသော NVC အရေအတွက် ၃၀၀၀ ကျော်သည် အများအားဖြင့် ဟိန္ဒူလူမျိုးကိုသာ ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာများကို NVC လက်ခံရန် ဖိအားပေးသည့်ပုံစံဖြင့် တစ်မျိုး၊ NVC လက်ခံလျှင် စားသောက်စရာများ ထောက်ပံ့ပေးမည်ဟူ၍ မြူဆွယ်နေသည့် ပုံစံဖြင့်တစ်မျိုး စသော နည်းလမ်းအမျိုးမျိုးနှင့် အောက်တန်းကျသည့်ပုံစံဖြင့် ကြိုးစားနေသော်လည်း ရိုဟင်ဂျာများက ထိုကဒ်ပြားကို လိုလိုလားလား လက်ခံယူခဲ့သည်ဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိခဲ့ပါ။
(၁၁)
ရိုဟင်ဂျာများကလည်း မိမိတို့ အမှန်တကယ် ရပိုင်ခွင့်ကိုသာ ဆက်လက် တောင်းဆိုရမည် ဖြစ်ပြီး၊ မည်သည့် အခြေအနေတွင်မှ နိုင်ငံခြားသား ဘဝသို့ တွန်းပို့မည့် NVC ကို လက်မခံရန် တိုက်တွန်းပါသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် RB News ၌ ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။