မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်းမှု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇သိန်းကျော်ထဲမှာ မိုဟာမတ် ကလည်း တစ်ဦးအပါအဝင်ပါ။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာတွေ အများစု နေထိုင်ရာ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်အနေနဲ့ သတ်ဖြတ်မှု ၊ အဓမ္မပြုကျင့်မှု ၊ မီးရှို့ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့လိုလုပ်ရပ်တွေကို ကုလသမဂ္ဂအပြင် တစ်ခြားအဖွဲ့အစည်းတွေကပါ လူအခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှု ဆို ပြီး ရှုတ်ချခဲ့တဲ့ အပြင် အချို့ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုပြီးတောင် ခေါ်ခဲ့ကြပါတယ်။
နယ်စပ်ကို ထွက်မပြေးခင် မိုဟာမတ် ကိုယ်တိုင်လည်း ဒီလို လုံးဝမမျှော်လင့်ထားတဲ့ အကြမ်းဖက်မှုတွေ ၊ ဖျက်ဆီးမှုတွေကို မျက်မြင်ကြုံခဲ့ရသလို သူကြီးပြင်းခဲ့ရာ အသိုက်အဝန်း အတွက်လည်း ခြိမ်းခြောက်မှုတွေ အများအပြား ရှိနေတယ်ဆိုတာလည်း သူကောင်းကောင်းကြီး သိလာခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ချက်ကတော့ ပညာကောင်းစွာသင်ယူခွင့် မရရှိတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ မခိုလှုံခင်ကတည်းက မိုဟာမတ်တို့လို ကလေးတွေဟာ ပညာသင်ကြားခွင့် ကို အင်မတန်ကန့်သတ်ခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင်ကလေးတွေနဲ့ ဗုဒ္ဓဘာသာဝင်ကလေးတွေအကြား ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့လို့ပါ။ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ရှောင်တိမ်းတဲ့အခါမှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကနေ နယ်မြေအတွင်း လုံခြုံမှုအတွက် ကန့်သတ်ချက်တွေ ချမှတ်လိုက်တဲ့အတွက် မိုဟာမတ်ဟာ ပုံမှန်ကျောင်းနေစာသင်ခွင့် မရရှိတဲ့ ရာပေါင်း၊ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ကလေးတွေ ထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့ပါတယ်။
ရိုဟင်ဂျာကလေးတွေပညာသင်ကြားခွင့်မရရှိတာကတော့ နက်ဖ် မြစ်ခြားထားတဲ့ ဘင်္ဂလားဒေ့ရှ်မှာကော မြန်မာပြည်မှာပါ ဖြစ်ပေါ်နေတာပါ။ ဒီအချက်ဟာ နောက်ပိုင်း ရိုဟင်ဂျာကလေးတွေအတွက် လူမျိုးပျောက်သွားနိုင်တဲ့အထိ ခြိမ်းခြောက်လာသလို ရှိနေပါတယ်။ ဒီလထဲမှာပဲ ဒီဖုံးကွယ်ထားတဲ့ ကိစ္စရပ်ကို ကမ္ဘာတစ်ဝှမ်းက တတ်နိုင်သမျှ ဖြေရှင်းဖို့ တွန်းအားပေးနေကြတဲ့အချိန်မှာ မြန်မာရိုဟင်ဂျာ အဖွဲ့အစည်း ယူကေ (Burmese Rohingya Organization UK) ကနေ လေ့လာမှု စာတမ်းတစ်ရပ်ထုတ်ပြန်ခဲ့ပါသေးတယ်။ မိုဟာမတ် ကိုယ်တိုင်ကတော့ “လူအသိုင်းအဝန်းတစ်ခုကို အန္တရာယ်ပြုချင်ရင် သူတို့ကို သတ်စရာမလိုပါဘူး။ ပညာသင်ခွင့် မပေးလိုက်ရုံပါပဲ။” ဆိုပြီး ပြောပြခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာတော့ ရိုဟင်ဂျာတွေဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအကြား အားလျော့ပြီး လူမျိုးရေးခွဲခြားဆက်ဆံခံရတာဟာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီထဲမှာ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတာရယ်၊ အဲ့ဒီနိုင်ငံသားဖြစ်ခွင့်ပေါ်မှာ ရမယ့် အခွင့်အရေးတွေကိုပါ မပေးတာ အပြင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အပေါ်မှာလည်း ပြင်းထန်တဲ့ တင်းကျပ်မှုတွေကို ချမှတ်ထားမှု တွေလည်း ပါဝင်ပါတယ်။ ကျယ်ပြန့်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာတောင် ရိုဟင်ဂျာတွေဟာ မြို့နယ် အလိုက်သာမက ရွာအလိုက် ဖြတ်သန်းသွားလာရမယ်ဆိုရင်တောင် တရားဝင်ခွင့်ပြုချက် ရထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်တဲ့နေရာနဲ့ ပညာသင်ကြားခွင့်ရရှိရေးမှာကတော့ အခွင့်အလမ်းတွေ ရှားပါးပါတယ်။
ဒီလိုကန့်သတ်မှုတွေကတော့ ရိုဟင်ဂျာတွေအတွက် အသစ်မဟုတ်နေတော့တဲ့အပြင် အဲ့ဒီ အချက်တွေက နောက်မျိုးဆက်တွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာပါတယ်။ ဒီအချက်တွေကပဲ မြန်မာအာဏာပိုင်တွေ ရိုဟင်ဂျာတွေအပေါ် ပြုခဲ့တဲ့ လူမျိုးသုဉ်းရှင်းလင်းမှုရဲ့ ပါးပါးနပ်နပ် အဖြစ်ဆုံးနေရာကို ဖန်တီးခဲ့သလို ဖြစ်လာတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းမှာလည်း ခံရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကလည်း ဒီလိုဖြစ်လာဖို့ရည်မှန်းခဲ့သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်ရဲ့ အကြမ်းဖက်မှုက နိုင်ငံတကာသတင်းစာမျက်နှာတွေရဲ့ ခေါင်းကြီး ပိုင်းတွေအထိ ပါဝင်ဖော်ပြခံရတဲ့အပြင် အဲ့ဒီဖြစ်ရပ်ကြောင့် ရိုဟင်ဂျာတွေရဲ့ဘဝကို မခံမရပ်နိုင်အောင် ဖြစ်လာစေခဲ့တဲ့အတွက် ရွေးချယ်စရာ အခြားမရှိတဲ့ အခိုက် ကျွန်တော်တို့ ထွက်ပြေးရုံပဲ တတ်နိုင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်အနေနဲ့ ပြောရမယ်ဆိုရင် ၁၉၉၀ နှစ်လယ်လောက် တုန်းက အစိုးရက ကျွန်တော့်ကို ရိုဟင်ဂျာဖြစ်နေလို့ ဆိုပြီး တက္ကသိုလ်တက်ခွင့်ပိတ်ပင်ခဲ့တယ်။ အဲ့အချက်ကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးဖို့ အခြေအနေက တောင်းဆိုခဲ့တာပါပဲ။
ဒီလို ခွဲခြားဆက်ဆံတဲ့ စနစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရှင်းလင်းရေးအတွက် အစိုးရက ပါခဲ့တဲ့ အကြမ်းဖက်မှု စခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက သိသိသာသာ တင်းကျပ်လာခဲ့ပါတယ်။ အဲ့အချိန်ကနေ စပြီး အာဏာပိုင်တွေဟာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ကလေးတွေ အတူတက်တဲ့ စာသင်ကျောင်းတွေမှာ ခွဲခြားဆက်ဆံမှုတွေ စတင်ခဲ့ပါတယ်။ ရိုဟင်ဂျာကလေးအများစုကို သင်ထောက်ကူပစ္စည်းလည်း နည်းပြီး သင်ကြားရေးလည်း အားနည်းတဲ့ ကျောင်းတွေကို ပို့ပြီး ပညာရေးပိုင်းလိုအပ်မှုတွေကိုတောင် ခွဲခြားဆက်ဆံခဲ့ပါတယ်။ အစိုးရ ကျောင်းဆရာတွေ တော်တေ်ာများများက ရိုဟင်ဂျာကျောင်းတွေမှာ တာဝန်ကျ ဆောင်ရွက်ဖို့ ငြင်းဆန်ကြပါတယ်။ လက်ခံလိုက်တဲ့ ဆရာတွေကျတော့လည်း ကျောင်းသားတွေကို လျစ်လျူရှုတာရယ် အရှက်ရစေတာရယ်ပဲ လုပ်ကြပါတယ်။ မိုဟာမက်ကတော့ ၂၀၁၂ ကနေ ပြောင်းလာတဲ့ သူ့ရဲ့ ကိုယ်ပိုင်အခြေအနေကို အခုလို ပြောပြပါတယ်။ “ဒီနောက်ပိုင်းမှာ ဆရာတွေက ကျွန်တော်တို့က အတန်းခွဲထားတယ်။ တစ်တန်းက ရိုဟင်ဂျာအတွက်၊တစ်တန်းက ရခိုင်တွေအတွက်။ ရခိုင်တွေအတန်းမှာဆို ဂရုလည်းစိုက်ကြသလို လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးကြတယ်။ ကျွန်တော်တို့ကိုတော့ ဆရာက ကုလား (ရိုဟင်ဂျာတွေကို နှိမ့်ချခေါ်ဝေါ်တဲ့အသုံးအနှုန်း) လို့ ခေါ်ပြီး ကျွန်တော်တို့ကို စာမသင်ပေးချင်ဘူး”
၂၀၁၇ ခုနှစ်ကစပြီး မြန်မာအစိုးရအနေနဲ့ ဆရာတွေနဲ့ အခြားပညာတတ်ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ပညာရေးအတွက် လိုအပ်ချက်ကို အစုလိုက်ရွေးချယ်မှု သုံးပြီး ပိုမိုဆိုးရွားအောင် လုပ်ခဲ့တယ်ဆိုပြီး စစ်တမ်းတစ်ချို့ကလည်း ဖော်ပြခဲ့ပါသေးတယ်။ တိုက်ဆိုင်တာတော့ မဟုတ်ပေမယ့်ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေထဲကမှ ၇၃ ရာခိုင်နှုန်းဟာ စာတတ်မြောက်မှု မရှိကြောင်း ကိုယ်တိုင် ခံယူထားကြပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားပေမယ့်လည်း သူတို့နိုင်ငံရဲ့ လုံခြုံရေးကြောင့် ရိုဟင်ဂျာတွေ ပညာသင်ကြားခွင့်မရရှိမှု ကတော့ ဆက်လက်တည်ရှိနေတုန်းပါပဲ။ ပဋိပက္ခရဲ့ အထွဋ်အထိပ် အရောက်ဆုံးအချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ရက်ရက်ရောရော နယ်စပ်ဂိတ်တွေကို ဖွင့်ပေးခဲ့ပေမယ့် အာဏာပိုင်တို့မည်သည် တူညီစွာပဲ အိမ်ခြေရာထောင်ချီရှိတဲ့ ဒုက္ခသည်စခန်းတွေအပေါ် စိုးရိမ်လာပြီး ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပြန်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ စခန်းတွေကနေ ထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ အပြင် လာရောက်ကူညီတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့လည်း ရေရှည်တည်တံ့တဲ့ အဆောက်အဦမျိုး ဆောက်လုပ်လှူဒါန်းဖို့ ပိတ်ပင်ခံရတာ မျိုးတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆောက်အဦခိုင်မာသွားရင် အမြဲတမ်းနေထိုင်ခွင့်ရသွားနိုင်တယ်ဆိုပြီး စိတ်ထဲ အထင်မမှားစေချင်ကြလို့ပါ။
အဲ့လို ကန့်သတ်ချက်တွေကလည်း ပညာရေးအပေါ် သက်ရောက်မှု ရှိလာပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ ပုံမှန်အတန်းကျောင်းပညာရေးကို တက်ရောက်သင်ယူခွင့်လည်း မရှိသလို ဘင်္ဂါလီဘာသာစကားတွေနဲ့လည်း သင်ယူခွင့်မရရှိပါဘူး။ ကြည့်ရတာကတော့ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာ အစိုးရ က ဒုက္ခသည်တွေကို ပညာသင်ခွင့်ပေးလိုက်ရင် ဒုက္ခသည်ပိုမို ဝင်ရောက်လာမှုလည်း ရှိနိုင်သလို ရေရှည်အခြေချနေထိုင်ဖို့ အားပေးသလိုလည်း ဖြစ်သွားနိုင်တာက တွေးကြောက်ကြပုံရပါတယ်။ အဲ့ဒီအစား ဒုက္ခသည်စခန်းတွေမှာ ပညာရေးပိုင်းကို အပြည်ပြည်ဆိုင်ရာနဲ့ ဘင်္ဂလားဒေ့ရှ် အန်ဂျီအိုတွေအပြင် လူထုအခြေပြု အဖွဲ့တွေက ဖြည့်ဆည်းပေးရပါတယ်။ ရိုဟင်ဂျာတွေကို ယာယီ ပညာသင်ကြားရေးစင်တာတွေမှာ သင်ကြားခွင့်ပေးပါတယ်။ ဒါပေမယ့် အဲ့စင်တာတွေမှာ ပါဝင်ကူညီတဲ့ အန်ဂျီအိုအပေါ် မူတည်ပြီး သင်ကြားမှု အရည်အသွေးနဲ့ သင်ရိုးက ပြောင်းလဲမှုတွေ ရှိတတ်ပါသေးတယ်။
ဝမ်းသာစရာကောင်းတာကတော့ ရိုဟင်ဂျာအသိုက်အဝန်းအနေနဲ့ တခြားဒုက္ခသည်တွေနဲ့ နီးကပ်မှု ရှိလာအောင် ဒါကာမြို့ကို ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပညာရေးအပေါ် သူတို့ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး အစိုးရကို တိုက်တွန်းမှာပါ။ ဒါကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကြိုမြင်နိုင်တဲ့အနာဂတ်အတွက် ဘင်္ဂလားဒေ့ရှ်မှာ ဆက်ရှိနေကြဦးမှာပါ။ ပညာရေးပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းပိုင်းမှာ အခွင့်အရေးတွေ ရရှိမှသာ သူတို့ကနေ ဘင်္ဂလားဒေ့ရှ်ပြည်သူ တွေအတွက် ကျေးဇူးပြန်ဆပ်နိုင်ဖို့ တတ်နိုင်မှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအပေါ် ပညာရေးပိုင်းကန့်သတ်ထားတဲ့ အဟန့်အတားကို ချက်ချင်းဖယ်ရှားပေးဖို့ရယ် ရိုဟင်ဂျာလူထုခေါင်းဆောင်တွေကိုလည်း ဒုက္ခသည်တွေအပေါ် ကူညီထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း ပါဝင်ခွင့်ပေးဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျွန်တေ်ာတို့ မေတ္တာရပ်ခံထားပါတယ်။
ဘယ်လိုပဲ ဖြစ်နေနေ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး တကယ်ကို ရေရှည်လုပ်ဆောင်သွားရမယ့်၊ အလားအလာ ကောင်းမယ့် ဖြေရှင်းမှုကတော့ မြန်မာပြည်မှာ လုပ်ဆောင်ရမှာပါ။ မြန်မာအာဏာပိုင်တွေ အနေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံတဲ့ စနစ်ကို ချက်ချင်း ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးအရ ပိတ်ပင်ထားမှုတွေကို ဖျက်သိမ်းဖို့ (အထူးသဖြင့် ပညာရေးပိုင်းနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရရှိဖို့) အပြင် နိုင်ငံတော်ဥပဒေအောက်ကနေ ရိုဟင်ဂျာတွေကို တရားဝင်နိုင်ငံသားအဖြစ် ခံယူခွင့် ပေးဖို့လည်း လိုအပ်ပါတယ်။
မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးသုဉ်းရှင်းလင်းမှုဒဏ် ခြိမ်းခြောက်ခံခဲ့ရတဲ့ ရိုဟင်ဂျာအသိုက်အဝန်းရဲ့ တကယ့်တည်ရှိမှုနဲ့ အတူသာဆိုရင် ကိစ္စရပ်တွေကလည်း ကြီးထွားလာနိုင်မှာ မဟုတ်ပါဘူး။ အန္တရာယ်များနေတဲ့ တစ်ချက်တော့ ရှိပါတယ်။ ဒါကတော့ ရိုဟင်ဂျာ မျိုူဆက်ကလေးတွေအနေနဲ့ သင့်လျော်တဲ့ ကျောင်းပညာရေးကို မရရှိပဲ ကြီးပြင်းလာနိုင်ချေရှိနေတာပါပဲ။ ဒီဟာက ဘာကြောင့် ဒီလို အရေးကြီးရတာလဲ ဆိုရင် ကျွန်တော်တို့အနေနဲ့ ပညာတတ်တဲ့ ရိုဟင်ဂျာမျိုးဆက်၊ ကျွန်တော်တို့ အသိုက်အဝန်းကို အခုထက် ပိုပြီး ကောင်းလာအောင် ဦးဆောင်နိုင်မယ့် မျိုးဆက်သစ်မျိုး လိုအပ်နေတာ ဖြစ်လို့ပါပဲ။
ထွန်းခင်သည် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း ယူကေ (Burmese Rohingya Organisation UK) ၏ ဥက္ကဌ ဖြစ်ပြီး၊ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (Free Rohingya Coalition) ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး တစ်ဦးလည်း ဖြစ်သည်။
The Diplomat တွင် ရေးသားသည့် A Lost Generation of Rohingya Grows up Without Education ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။