ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးအား ရောင်းချလိုက်သည်။
ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင် လန်ဂွစ်ရွာ မြောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည် ဒေါ်ဘော်ဒူမာခါတွန် (ဘ) ဦးဆုလ်တာန်အဟ်မဒ် (အသက် ၄၅ နှစ်) ၏ အိမ်အလွတ်နှင့် ခြံမြေကို ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟာဆာန် နှင့် အာဏာပိုင်များနှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူ၍ ရွာသားများထံမှ ငွေညှစ်လျက်ရှိသည့် ဦးလာလ်မျာ (ဘ) ဦးအဒူလီ (အသက် ၅၆ နှစ်) တို့ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ ရန်ပုံငွေအတွက်ဟုဆိုကာ ယင်းရွာမှ အလီဂျူဟာရ် (ဘ) ဦးလာလု (အသက် ၂၇ နှစ်) အား ငွေကျပ် ၅ သိန်းဖြင့် ရောင်းချလိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။
အိမ်နှင့် ခြံမြေတို့ကို လွန်ခဲ့သည့် သြဂုတ်လ (၂၈) ရက်နေ့ကတည်းက ရောင်းချခဲ့သော်လည်း ဝယ်ယူသူက စိုးရိမ်၍ အကြိမ်ကြိမ် အာမခံချက်တောင်းခံခဲ့သဖြင့် ၎င်းတို့နှစ်ဦးက နိုဝင်ဘာလ (၂၈) ရက်နေ့တွင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
ရောင်းချ၍ ရရှိခဲ့သည့် ငွေများကို ဦးလာလ်မျာက ၃ သိန်းနှင့် ဦးရရှီးဒ်က ၂ သိန်း ဝေစုခွဲယူခဲ့သည်။
“သူတို့က ဒီတစ်အိမ်မကဘူး၊ အဲလို ဒုက္ခသည်ပေါင်းများစွာရဲ့ အိမ်များစွာကို ရောင်းစားခဲ့တယ်၊ ရရှီးဒ်က တာဝန်ခံဖြစ်ပေမယ့် ရွာသားတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်နိုင်တဲ့ နည်းပညာအမျိုးမျိုးချပြပေးသူက လာလ်မျာ ဖြစ်လို့ ရတဲ့ငွေတွေကို ဝေစုခွဲတဲ့အခါမှာ လာလ်မျာ ကို ပိုပေးရတယ်။ လာလ်မျာက ရရှီးဒ်ရဲ့ ဦးလေး အရင်းလည်း ဖြစ်တယ်” ဟု အဆိုပါ ရွာသားကပြောပါသည်။